မန္တလေးမြို့မှာ ၂ ရက်အတွင်း စစ်ကောင်စီ နဲ့ဆက်နွယ်တဲ့ နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံလိုက်ရပြီး စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့ ပျုစောထီးအဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရပါတယ်။
တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာဖြစ်ပွားတာပါ။
မန္တလေးတိုင်းလွှတ်တော်ရှေ့က လုံခြုံရေးဘန်ကာ ၊ မန္တလေးခရိုင်တရားရုံး ၊ ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးရုံး နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက အခွန်ရုံး တို့ တိုက်ခိုက်ခံရတာပါ။
တိုင်းလွှတ်တော် ရုံးရှေ့ ဘန်ကာကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတာဖြစ်သလို စစ်ကောင်စီဘက်က လည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေးက တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအများသိအောင် ထုတ်ပြန်ပါတယ်။
ဌာနဆိုင်ရာ ရုံး ၂ ရုံးဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်က အခွန်ရုံးကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ပြီး ခရိုင်တရားရုံးကိုတော့ အသံဗုံးနဲ့ပဲ သတိပေးခဲ့တယ်လို့ ဆိုထားပါတယ်။
ပုသိမ်ကြီးမြို့နယ် ရွှေကျင်ဂိတ်အထွက်ရှိ ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူး ရုံးကို ၄၀ မမ ဗုံးသီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပျုစောထီး တစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
သေဆုံးသွားတဲ့ ပျုစောထီးတပ်ဖွဲ့ဝင်ထံက နေ စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ ကာဘိုင်သေနတ်ကိုသိမ်းဆည်းရမိတယ်လို့ မြနန္ဒာ စစ်ဆင်ရေးက ဆိုပါတယ်။
