မန္တလေးမှာ ဓာတ်ပုံသမားတစ်ဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်းသေဆုံးမှု ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသွားသူ ဓာတ်ပုံသမားဟာ အသက် ၅၂ နှစ်အရွယ် ကိုအောင်ဝင်းထွဋ် ခေါ် ကိုအောင် ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်က ဖမ်းခံရတာပါ။
ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနီး မှာ နေထိုင်တဲ့ ဓာတ်ပုံသမားကို ဖေဖော်ဝါရီလ ၁၉ ရက်ညနေပိုင်း ၆ နာရီခန့်မှာ စစ်ကောင်စီတပ် ကရိုက်နှက်ဖမ်းဆီးသွားတာလို့ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။
“သူက ဓာတ်ပုံသမားပါ၊ နိုင်ငံရေးလုပ်တယ်လို့မကြားမိဘူး”လို့ ကိုအောင်ဝင်းထွဋ်နဲ့ရင်းနှီးသူမိတ်ဆွေတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးသွားပြီး ၃ နာရီအကြာ ည ၉ နာရီဝန်းကျင်မှာ မိသားစုဝင်တွေထံကို မန္တလေးဆေးရုံကြီးမှာ အလောင်းသွားထုတ်ဖို့ စစ်တပ်ကအကြောင်းကြားလာတာလို့အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
မိသားစုအနေနဲ့ မန္တလေးဆေးရုံကြီးကနေ အလောင်းကို ထုတ်ယူပြီး ဖေဖော်ဝါရီလ ၂၁ရက်မှာ ဈာပနပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ကိုအောင်ဝင်းထွဋ်ကို စစ်ကောင်စီတပ် ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာကိုမသိရသေးပါဘူး။
