မန္တလေးမှာ ပြီးခဲ့တဲ့သောကြာနေ့က ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံရပြီးနောက် အရပ်သားအချို့ ဆက်တိုက်ဖမ်းဆီးခံရတာတွေရှိနေပါတယ်။
ပစ်သတ်ခံရသူ ဟာ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ အသက် ၄၀ အရွယ် ဦးဇော်ဝင်းထွန်းဖြစ်ပါတယ်။
ဒီပစ်ခတ်မှုကို အောင်စည်တော် မန္တလေးဆိုတဲ့အဖွဲ့က လုပ်ဆောင်တာလို့ ကြေညာထားပြီး ပစ်ခတ်မှု ရုပ်သံမှတ်တမ်းကိုအဲဒီအဖွဲ့ရဲ့ အမှတ်အသားတံဆိပ်နောက်ခံနဲ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ရုပ်သံဖိုင်ထဲမှာ ဆိုင်ကယ်စီးလာတဲ့ ရာအိမ်မှူးကို ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက ဘေးချင်းကပ်ပြီး ပစ်ခတ်သွားတာတွေ့ရပါတယ်။
ပစ်ခတ်မှုဟာ ၇၉ လမ်းနဲ့ ၄၆ လမ်းထောင့်၊ ဘုရားကြီးအရှေ့ဘက်မုခ်အနီး မှာ ဖြစ်တာဖြစ်ပြီး နောက်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်မနက်ပိုင်းမှာ ၇၈ လမ်း၊ ၄၆ လမ်းနားက နေအိမ်တစ်လုံးဆီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးအမျိုးသမီး ၂ ဦးကိုဖမ်းဆီးသွားတယ်လို့စုံစမ်းသိရပါတယ်။
ဒါအပြင် ၂ရက်အကြာ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းမှာလည်း ၈၁လမ်းနဲ့၈၂လမ်းကြား၊၄၄လမ်းပေါ်ရှိ ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်အမျိုးသားကို အရပ်ဝတ်နဲ့ရောက်လာသူတွေက သေနတ် ပစ်ဖောက်ပြီး ဖမ်းသွားပါသေးတယ်။
ဖမ်းခံရတဲ့ ဆိုင်ပိုင်ရှင်အမျိုးသားသေဆုံးသွားတယ်လို့သတင်းထွက်လာပေမယ့် အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ − လူမှုကွန်ရက်
