စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ခတ်ပြီး တပ်ကူ (၄)ကြိမ်အထိ ပို့ဆောင်ထား၍ ပြည်သူများ မြို့နယ်တွင်းလမ်းများအား အသုံးပြုခြင်းမပြုရန် အရာတော်ပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့က ထုတ်ပြန်ကြေညာသည်။
ပြည်သူလူထုလုံခြုံရေးအတွက်အရာတော် မြို့နယ်တွင်းဖြတ်သန်းသည့် လမ်းမများအား ယနေ့(ဖေဖော်ဝါရီ ၂၃ )တစ်ရက်တာ အသုံးပြုခြင်း ယာယီရပ်နားထားပေးပါရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၂ မှစ၍ ယနေ့ ညနေ ၃ နာရီ မိနစ်၂၀ အထိ စစ်ကောင်စီက အရာတော်ဒေသအတွင်းသို့ ရဟတ်ယာဉ်ဖြင့် တပ်ကူ (၄)ကြိမ်အထိ ပို့ဆောင်ထားကြောင်း၊ အရာတော်ဒေသသည် မြင်းမူ၊ မုံရွာ၊ ဘုတလင်၊ ဒီပဲယင်း၊ ဝက်လက်ဒေသများနှင့် ထိစပ်နေပြီး ပြည်သူများအနေဖြင့် လမ်းပိုင်းအသုံးပြုခြင်း ရှောင်ရှားကြရန် ထုတ်ပြန်ထားသည်။
ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားမှု၊ မြေပြင်တပ်များလှုပ်ရှားမှုများကို တွေ့ရှိပါက ဒေသခံတော်လှန်ရေးအင်အားစုများသို့ သတင်းပေးပို့ကူညီကြရန် ၊ အရေးပေါ် စစ်ရှောင်ပြည်သူအချင်းချင်း ကူညီကြရန်နှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် အရာတော်ဒေသသို့ အချင်းချင်း ဆက်သွယ်အသိပေးကြရန် အရာတော်ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်သည်ယနေ့ မွန်းလွဲ ၂ နာရီခန့်က အရာတော်မြို့နယ် တောင်ပိုင်း မလဲသာ၊ ကန်ရင်းဒေသ၌ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ Mi17 လူသယ်ရဟတ်ယာဉ်များတွင် စစ်သား ၃၀ ခန့် သယ်ဆောင်လေ့ရှိသဖြင့် ၃ ကြိမ်ဆိုလျှင် စစ်ကူတပ်သား ရာဂဏန်းအနည်းဆုံးရှိမည်ဟု ခန့်မှန်းနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဒေသတွင်းသတင်းဌာနဖြစ်သော အရာတော်ပို့စ်သို့ ဖြေကြားထားသည်။
လက်ရှိတွင် မလဲသာ၊ ကန်ရင်း ကျေးရွာများတဝိုက်ကို စစ်ကောင်စီတပ်များ ဖြန့်ချနေရာယူထားပြီး ခြေလျင်စစ်ကြောင်းများဖြင့် ဆက်လက်တက်လာနေသည်။
ဖေဖော်ဝါရီ ၂၁ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှာ မိုင်းထိသလို တိုက်ပွဲကြောင့် အနည်းဆုံး၁၀ ဦးခန့်သေဆုံးဒဏ်ရာရရှိပြီး ဖေဖော်ဝါရီ ၂၂ တိုက်ပွဲမှာလည်းပြင်ထန်ပြီး စစ်တပ်မှအရာရှိအပါအဝင် သေဆုံးဒဏ်ရာရသူများကြောင်း ဒေသတွင်းသတင်းများဖော်ပြပေးနေသော အရာတော်ပို့စ်က ရေးသားသည်။ဖေဖော်ဝါရီ ၂၂ တိုက်ပွဲမှစ၍ စစ်တပ်က လေကြောင်းပစ်ကူသုံးခဲ့ပြီး ယနေ့တွင်လည်းထပ်သုံးနေခြင်းဖြစ်သည်။
အရာတော်နယ်၏ လက်ရှိအခြေအနေအား အရာတော်ပကဖအဖွဲ့အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ရန်ကြိုးစားနေသော်လည်းဆက်သွယ်မရသေးပါ။ စစ်ကောင်စီတပ်က အရာတော်မြို့နယ်တွင် ဖုန်းလိုင်နှင့်အင်တာနက်လိုင်းများ ဖျက်ထားကြောင်းလည်းဒေသခံအချို့ကပြောသည်။
စစ်ကောင်စီကဖေဖော်ဝါရီ ၂၂ ရက်မှ စ၍ အရာတော် ၊ရွှေဘို နှင့်ဝက်လက်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးထပ်မံကြေညာခဲ့သည်။ထိုကြောင့်စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီကစစ်အုပ်ချုပ်ရေး ကြေညာထားသောမြို့နယ် ၁၂ မြို့နယ် ရှိလာပြီး တစ်န်ုင်ငံလုံးတွင် ၄၇ မြို့နယ်ရှိသည်။
