စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာရှိ ကျေးရွာ(ပကဖ)ခေါင်းဆောင်တစ်ဦးအား ပစ်ခတ်ခဲ့သည့် GZ Special Task Forceအဖွဲ့မှ ရဲဘော် ငါးဦးအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည်။
ဖေဖော်ဝါရီ ၁၇ရက် နံနက် ၁၀နာရီခန့်က ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာတွင် ကျေးရွာ(ပကဖ) ခေါင်းဆောင်တစ်ဦးကို လက်နက်ကိုင် နှစ်ဦးက မောင်းပြန်သေနတ်ဖြင့် အချက် ၂၀ခန့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ဝက်လက်နယ် (ပကဖ)သတင်းများ ထုတ်ပြန်လေ့ရှိသည့် ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
လုပ်ကြံခံရသူသည် ဝဲဘက်ပေါင်၌ ထိုးဖောက် ဒဏ်ရရခဲ့ပြီး ၎င်းစီးလာသော ဆိုင်ကယ်ကိုလည်း လက်နက်ကျည် အချက်ပေါင်းများစွာ ထိမှန်ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်ပက်သတ်၍ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဝက်လက်မြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့သို့ အမှုဖွင့်တိုင်ကြားလာကြောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့မှ မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးရာ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ ကျူးလွန်သူများသည် GZ Special Task Force မှ ဖြစ်နိုင်ချေများသဖြင့် စုံစမ်းစစ်ဆေးမှုခံယူရန် ခေါ်ရာတွင် ကနဦး၌ ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ဆေးခံရန် လာရောက်ခဲ့ကြသည်ဟု ဆိုသည်။
GZ Special Task Forceမှ ၁၈ဦးအား ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးမေးမြန်းခဲ့ပြီး ပြည်သူရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ်တွင် မြို့နယ်(ပကဖ)နှင့် PDF တပ်ရင်း (၂)တို့က လုံခြုံရေးတာဝန်ယူခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုတွင် အစစ်ခံရသူများမှ ပူးပေါင်းပါဝင်ပြီး မှန်ကန်စွာထွက်ဆိုခဲ့သဖြင့် GZ Special Task Force မှ ပြစ်မှုကျူးလွန်သူ နှစ်ဦး၊ ပူးပေါင်းပါဝင်သူနှစ်ဦးနှင့် ဦးဆောင်ညွှန်ကြားသူတစ်ဦးကို သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ်နိုင်ခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်သည်။
တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သူများဖြစ်ပြီး ၎င်းတို့၏ မှားယွင်းမှုကို သိရှိကြပြီးဖြစ်သဖြင့် ပြစ်မှုကျူးလွန်ရာတွင် တိုက်ရိုက်ပါဝင်ပက်သက်မှုမရှိသူ ၁၀ဦးအား အာမခံ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် လေးဦးကိုလည်း အာမခံဖြင့် ဆက်လက်လွှတ်ပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
သို့သော် ပြစ်မှုကျူးလွန်သူ နှစ်ဦး၊ ပူးပေါင်းပါဝင်သူ နှစ်ဦးနှင့် ဦးဆောင်ညွှန်ကြားသူတစ်ဦးတို့ကို တရားရုံးသို့ ရုံးတင်၍ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝက်လက်မြို့နယ်သတင်းမှန် ပြန်ကြားရေးက ဆိုသည်။
ယခုဖြစ်စဉ်သည် တော်လှန်ရေးအဖွဲ့များကြား ပွတ်တိုက်မှုမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်သူနှင့်တရားဥပဒေစိုးမိုးရေး ပုံဖော်နေသူတို့အကြားဖြစ်စဉ်သာဖြစ်ကြောင်း ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ခဲ့သည်။
ရဲဘော်များဖမ်းဆီးခံရမှုဟုတ်မှန်ကြောင်း GZ Special Task Force က အတည်ပြုထားပြီးသက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝက်လက်မြို့နယ်ကို ကွင်းဆင်းလေ့လာရန် လိုအပ်နေကြောင်း၊ ဖမ်းဆီးခံရသည့် ရဲဘော်များအတွက် တိုက်နယ်(ပကဖ)က တာဝန်ခံတာဝန်ယူရမည်ဟု GZ Special Task Force – Wetlet အဖွဲ့တာဝန်ခံက ပြီးခဲ့သည့် ၅ ရက်ခန့်က အသိပေးထားသည်။
ဖြစ်စဥ်နှင့် ပတ်သက်၍ ဝက်လက်(ပကဖ)၊ ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေး၊ GZ Special Task Force – Wetlet အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဝက်လက်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ သြဂုတ်၃၁ ရက်ကလည်း ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့ကို ငွေညှစ်နေသည်ဟုဆိုကာ NUG၏ ပကဖက ဝင်ရောက်စီးနင်းခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကျားကြီးအဖွဲ့ကနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်။
