ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force – YUF က People’s Spring သတင်းဌာနသို့ ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်က မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ရပ်ကွက်အုပ်ကြီးနှင့် စစ်ကောင်စီတပ်သားအချို့ရှိနေစဥ် လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့လုပ်တဲ့အချိန် အဲဒီရုံးထဲမှာ စစ်–သုံးကောင်တော့ရှိတယ်။ ဒါပေမဲ့ Stand By(အသင့်အနေ အထား)မရှိတဲ့အတွက် ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အနီးကပ်ပစ်လိုက်တာ။ အနီးကပ်ဆိုတာက ၁၀ ပေအကွာလောက်က ပစ်လိုက်တာ”ဟု YUF မှ တော်လှန်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။
အဆိုပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ချိန်တွင် ရုံးထဲ၌ စစ်ကောင်စီတပ်သားသုံးဦးအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့လည်းရှိနေပြီး ၎င်းတို့ထိုင်နေသည့်ဘေးနားကပ်လျက်သို့ ကျရောက်ပေါက်ကွဲသွားကြောင်း YUF မှရဲဘော်က ဆက်ပြောသည်။
ယင်းအုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်းပြီး ဒေသခံများထံမှ စုံစမ်းသိရသည်မှာ တိုက်ခိုက်ခံရပြီးနောက် ရာအိမ်မှူးအချို့ ကြောက်လန့်ကာအိမ်ပြန်ပြေးကြကြောင်း၊ မိနစ်ပိုင်းခန့်အကြာတွင် စစ်ကောင်စီများရောက်ရှိလာပြီး လမ်းပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ (င)ရပ်ကွက်ရုံးသည် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးပေါ်တွင်တည်ရှိပြီး မြို့ပြပြောက်ကျားအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် သံဆူးကြိုးအကာ အရံများ၊ သဲအိတ်ဘန်ကာများချထားသည့်အပြင်ယခုတိုက်ခိုက်ခံရချိန်တွင် ရုံးရှေ့၌ ဇာပိုက်အစိမ်းများပါကာရံထားသည်ကိုတွေ့ရသည်။
အထက်ပါ Mission ဖြစ်မြောက်ရေးတွက်ကူညီပေးကြသော Milk Tea Alliance Yangon အဖွဲ့သားများနှင့် အလှူရှင်များအားကျေးဇူးအထူးတင်ရှိကြောင်း YangonUnderground Force – YUF က မှတ်တမ်းတင် ဖော်ပြထားသည်။
ထိုအပြင် ယမန်နေ့ည ၁၀ နာရီကျော်တွင်လည်း အထက်ပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုပင် ရန်ကုန် UG အဖွဲ့တစ်ခုကထပ်မံတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရပြီး ထိခိုက်မှုရှိမရှိ မသိရသေးပေ။ယမန်နေညတွင် တောင်ဥက္ကလာပ၊ သဃ်ကျွန်း၊မြောက်ဒဂုံ စသောမြို့နယ်များတွင် သေနတ်ပစ်ခတ်သံများကြားရပြီး စစ်ကားများ အဆိုပါမြို့နယ်များသို့မောင်းထွက်သွားသည်ကိုတွေ့ရကြောင်းဒေသခံအချို့ကပြောသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါလုံခြုံရေးတိုးမြှင့်ထားသလို ၊နေရာအချို့တွင် ဗုံးတွေ့သည်ဟုဆိုကာ တွေ့ရာလူငယ်များကိုဖမ်းဆီးမှုများလုပ်နေသည်။ထိုအခြေအနေကြားမှပင် မြို့ပြပြောက်ကျားအဖွဲ့က စစ်ကောင်စီပစ်မှတ်များကိုတိုက်ခိုက်နေခြင်းဖြစ်သည်။
