ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေပြု ခလရ(၂၆၈)တပ်မှ စစ်ကောင်စီတပ်သား တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာ၍ ၎င်းကို ကျပ်သိန်း ၁၀၀ပေးအပ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်သည်။
တပ်သား ကောင်းမိုးသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ ၂၀၂၂ ဒီဇင်ဘာ ၂၆ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။
လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး CNO/CNDFမှ ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

“အဓိကတော့ အလင်းဝင်လာမယ့် စကစဘက်က လူတွေကို ငွေအပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဒီထက်ပိုပေးနိုင်ဖို့လည်း လိုတယ်။နောက်ပြီး ချင်းပြည်နယ်နဲ့ ကပ်နေတဲ့ အိန္ဒိယနဲ့ဆက်ဆံရေးကို NUGပဲဖြစ်ဖြစ် UNကပဲ ဖြစ်ဖြစ်သေချာစေ့စပ်ညှိနှိုင်းနိုင်မယ်ဆိုရင် ချင်းပြည်နယ်မှာ CDM လုပ်လာမယ့် စကစတပ်သားအရေအတွက် ဒီထက်ပိုများနိုင်တယ်”ဟု ချင်းပြည် နယ် စစ်ဒေသမှူးတစ်ဦးက ပြောသည်။
CNO/CNDFအနေနှင့် စစ်ကောင်စီထံမှလက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်သား၊ရဲများအား ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် ယခင်က ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့သော်လည်း ယခုအခါ သိန်း ၅၀ထပ်မံ တိုးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း(၅၀)အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
