ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ခမရ( ၃၀၄)မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ အလင်းဝင်ရောက်လာကြောင်း CDF-ကန်ပက်လက်က ယနေ့သတင်းထုတ်ပြန်သည်။
ရဲဘော်လင်းထက်အောင်သည် ဇန်နဝါရီ ၃၀ ရက် MA1သေနက်တစ်လက် MAကျည် ၃၃၆ တောင့်၊ နင်းမိုင်း တစ်လုံး၊ လက်ပစ်မိုင်း ၁ လုံး၊ အီနာဂါ နှစ်လုံး၊ စကားပြောစက်တစ်လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်တို့ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု CDF-ကန်ပက်လက်ကဖော်ပြထားသည်။
ရဲဘော်လင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းရန် အလင်းဝင်လာခြင်းဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။

“ကျနော်တိုဘက်ကတော့ ဆက်ပီးတော့လာမယ့်သူတွေကို အမြဲတမ်းနွေးနွေးထွေးထွေးကြိုဆိုသလို တော်လှန်ရေးအလွန်ကာလမှ ခံစားခွင့် ရပိုင်ခွင့်ရအောင်လည်းလုပ်ဆောင်ပေးသွားမှာပါ လိုပြောချင်ပါ” ဟု အထက်ပါတာဝန်ရှိသူကPeople’s Springသို့ပြောသည်။
ထိုအပြင် စစ်ကောင်စီတပ်တွင်း၌ သတင်းလွှင့်ထားသကဲ့သို့ CDMဝင်လာသူများကို သတ်ပစ်သည့်မှာ မဟုတ်ကြောင်းနှင့် CDMဝင်လာသူများကိုလည်း ရွေးချယ်ထားသည့် လွတ်မြောက်နယ်များကို ပို့ပေးမည်ဖြစ်ကြောင်းCDF-ကန်ပက်လက်တာဝန်ရှိသူကပြောသည်။ သတ်မှတ်ဆုကြေးငွေများကိုလည်း ပေးမည်ဟုလည်း ဆိုသည်။
CDF-ကန်ပလက်ထံ လက်နက်နှင့် CDMဝင်ရောက်သူ၁၀ ဦးရှိနေပြီဖြစ်ပြီး လက်နက်မဲ့ဝင်ရောက်လာသူအရေအတွက်အမြောက်အများရှိကာအများစုနယ်မြေခံရဲများဖြစ်သည်ဟု CDF-ကန်ပက်လက်ထံမှသိရသည်။
