သီရိလင်္ကာ နိုင်ငံမှာ သောင်တင်ပြီး ဒုက္ခကြုံနေတဲ့ လမ်းပြဝေလငါး တစ်ဒါဇင် နီးပါးကို ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်က အာရှတောင်ပိုင်း ကျွန်းနိုင်ငံရဲ့ အနောက်ဖက် ကမ်းရိုးတန်းမှာ သောင်တင်နေတဲ့ ဝေလငါး ၁၁ ကောင်ကို ဒေသခံတွေက တွေ့ရှိခဲ့တာကြောင့် သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။
ကူဒါဝါ အပန်းဖြေ ကမ်းခြေနားမှာ ဝေလငါးတွေ အုပ်စုလိုက် သောင်တင်နေတာကို တွေ့ခဲ့ကြတာပါ။ စုစုပေါင်း ၁၄ ကောင် သောင်တင်နေခဲ့ရာမှာ ၃ ကောင်က သေဆုံးနေနှင့်ခဲ့ပြီးပြီလို့ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဌာန အရာရှိ အီရန်ဒါ ဂါမာဂီက ပြောပါတယ်။
သောင်တင်နေတဲ့ ဝေလငါး ၁၁ ကောင်ကို ရေနက်ပိုင်းထဲထိ ရွှေ့ပြောင်းသယ်ယူပေးခဲ့ရကြောင်း၊ ဒါမှသာ သူတို့ဟာ နောက်တစ်ကြိမ် လမ်းမှားပြီး ကမ်းခြေဖက် ပြန်ရောက်မလာမှာဖြစ်ကြောင်း၊ ဝေလငါးတွေကို ဆွဲယူ ရွှေ့ပြောင်းဖို့အတွက် ရေတပ်ကလည်း ရေယာဉ်တွေ ထောက်ပံ့ ကူညီပေးခဲ့ကြောင်း ဂါမာဂီက ဆိုပါတယ်။
လမ်းပြ ဝေလငါးတွေဟာ အကြီးဆုံး အရွယ်မှာ ၆ မီတာလောက် အရှည်ရှိပြီး ၁ တန်လောက်ထိ လေးလံပါတယ်။ အဲဒီ ပင်လယ်နေ နို့တိုက် သတ္တဝါတွေဟာ အစုအဖွဲ့နဲ့ နေထိုင်တတ်ပြီး တစ်ကောင် သောင်တင်ရင် တအုံတမကြီး ပါလာတတ်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတုန်းကလည်း သီရိလင်္ကာမှာ လမ်းပြ ဝေလငါး အကောင် ၁၂၀ လောက် သောင်တင်ဖူးတာကြောင့် ညလုံးပေါက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရဖူးပါတယ်။ အဲဒီတုန်းက မြို့တော် ကိုလံဘို တောင်ပိုင်းမှာ သောင်တင်ခဲ့တဲ့ ဝေလငါးတွေထဲက ၃ ကောင် သေဆုံးပြီး ၁ ကောင်ကလည်း ပင်လယ်ထဲထိ ပြန်ရောက်ပြီးမှ ဒဏ်ရာတွေ ပြင်းထန်တာကြောင့် ထပ်မံ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
