စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီးစခန်းအား ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ရာ ပျုနှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောကြားသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ည ၇ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့နယ် တောပုကျေးရွာအတွင်းရှိ ပျူစောထီးများစုဝေးရာနေရာသို့ လက်လုပ် (၄၀) မမများ၊ လက်လုပ်ရှော့ဂန်းများ၊ အော်တိုဂန်းများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။
(၄၀) မမ ငါးလုံးသည် ပျူစောထီးများစုဝေးရာနေရာသို့ ကျရောက်ပေါက်ကွဲရာ နှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားသည်ဟု PDF-South Monywa တာဝန်ခံက ဆိုသည်။
“သူတို့ စုဝေးရာ ကျောင်းထဲကို ကျတယ်။”ဟု PDF-South Monywa၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။
ပျူစောထီးအဖွဲ့ဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပျူစောထီးများဘက်ကလည်း (၆၀)မမများ၊ (၉၀) မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa နှင့် Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Spring Dove၊ Forces our history(ငါတို့သမိုင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
မုံရွာခရိုင်အပြင် ရွှေဘိုခရိုင်အတွင်း၌လည်း ပျူစောထီးကျေးရွာများအား ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
