စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးစခန်းမှထွက်လာသည့် စစ်ကောင်စီ၏ ရိက္ခာတင်ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Special Force-11 (PDF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၈)နံနက် ၁၁နာရီခွဲခန့်က တောပုကျေးရွာ ပျူစောထီးစခန်းမှ ရိက္ခာတင်ပြီး မုံရွာ(န.မ.ခ)သို့ ပြန်ထွက်လာသော စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ရိက္ခာတင် ယာဥ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဥ်အား မုံရွာ – မန္တလေး လမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးကြောင်း၊ စစ်ဆင်ရေးပြုလုပ်ရာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့်ပျုများသည် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း Special Force-11 (PDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်အပြီးတွင် စစ်အုပ်စုက လက်နက်ကြီး၊ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
“မနက်ပိုင်းကတည်းက မြေနဲရွာနဲ့ မင်းရွာ ကြားမှာရှိတဲ့ စွမ်းရည်ထက်ဆီဆိုင်အနား တပ်ထဲက အင်အား ၄၀ ကျော်လောက် အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ပတ်မွှေနေတာပါ။ ရွာတွေထဲဝင်ပြီး သေနတ်ဖောက် ရမ်းကားတာတွေလုပ်တယ်။ မနက်ခင်း ၁၀နာရီကျော်လောက်မှာ မုံရွာ (န.မ.ခ)က စစ်ကားတစ်စီးက တောပု (ပျူရွာ)ထဲကိုဝင်သွားတယ်။ ကျွန်တော်တို့က စစ်ကားအပြန်ကို စောင့်ပြီးမိုင်းဆွဲခဲ့တာ”ဟု Special Force-11(PDF) တာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Special Force-11 (PDF)၊Monywa Dynamite-Special Task Force၊Brave Heart Army – (BHA)၊ Monywa ဗန္ဓုလနှင့်အဖွဲ့သားများ – (LDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
