စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် PDFသုံးဦးကျဆုံးခဲ့ရသည့်နေရာ၌ စစ်ကောင်စီတပ်ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် များအထိအခိုက်များနိုင်ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်) နံနက် ၈ နာရီခွဲခန့်ကရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ် ဘုန်းဘွဲ့ ကျေးရွာအနီးတွင် ဝက်လက်မြို့နယ်၌ မီးရှို့ပြီး စိုင်နိုင်ကွေ့မှ ထွက်လာသော ၁၂ ဘီးကားတစ်စီးပေါ်တွင် စစ်ကောင်စီအင်အား ၆၀ ခန့် လိုက်ပါလာသည်ကို ကြိုတင်သတင်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါကားအားအသင့်နေရာယူကာစောင့်ဆိုင်းပြီးနောက် ရဲဘော်များကျဆုံးခဲ့ရသော နေရာ အရောက်၌ပဒေဿာမိုင်း ၁၀ လုံးအထိ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြသ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ကားက ဒဏ်ရာရသူတွေကိုတင်ပြီး ရွှေဘိုမြို့ထဲဝင်သွားတယ်။”ဟု ၎င်းကဆက်ပြောသည်။
ရွှေဘိုဆေးရုံတွင် စစ်ကောင်စီတပ်သား အများအပြား စိုးရိမ်ဒဏ်ရာရကာ ရောက်ရှိနေပြီး သေဆုံးရုပ်အလောင်းများလည်း ရောက်ရှိနေကြောင်း သတင်းထပ်ရသည်ဟု၎င်းက ဆိုသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ။
စစ်ဆင်ရေးတွင် PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းက ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ Black WOLF -ARMY အဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။
