ထန်တလန်ရဲစခန်းကို CNA၊CDFတိုက်ခိုက်သိမ်းပိုက်
ထန်တလန်မြို့ရဲစခန်းကိုCNA (ချင်းအမျိုးသားတပ်)နဲ့ CDF(ချင်းကာကွယ်ရေးတပ်)ထန်တလန်တို့က မနေ့ညက သုံးနာရီကြာတိုက်ခိုက်ပြီးရဲစခန်းတစ်ခုလုံးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်များဆီက သိရပါတယ်။ ရဲစခန်းကို ဒီနေ့မနက် ၁ နာရီလောက်မှာ စခန်းတစ်ခုလုံးကို သိမ်းဆည်းမိကာ ဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ ကျော် ရရှိခဲ့တယ်လို့ CNAသတင်းအရင်းအမြစ်တွေကပြောပါတယ်။ အဲဒီလို တိုက်ခိုက်နေစဉ် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က စစ်ကူမပေးခဲ့သလို လေကြောင်းပစ်ကူလည်း မလာခဲ့ဘူးလို့ ဆိုပါတယ်။ ရဲစခန်းသိမ်းပိုက်ပြီးချိန်မှသာ စစ်ကောင်စီတပ်က လေကြောင်းမှတောက်လျှောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။ ရဲစခန်းသိမ်းပိုက်မှုမှာ စစ်ကောင်စီရဲတပ်များသေဆုံးမှုအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။


ငဖဲ ကပစစက်ရုံကို PRA(မကွေး)ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်
မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ပြီး အဆောက်အဦပျက်စီးမှုနဲ့ ရန်သူသေဆုံးဒဏ်ရာရရှိမှုများ ရှိနိုင်တယ်လို့ People’s Revolutlon Allance (PRA-Magway) စစ်ရေးဆိုင်ရာတာဝန်ခံက ပြောပါတယ်။ စစ်တပ်ရဲ့ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ဒီနေ့ မနက်မစောပိုင်းက (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်မှတ်ကိုထိတာမျက်မြင်ကိုယ်တွေ့ ရှိခဲ့ပြီး မကြာခင် ဗီဒီယိုဖိုင်ထုတ်ပြန်ပါမယ်လို့ PRA-Magwayစစ်ရေးဆိုင်ရာတာဝန်ခံက ပြောပါတယ်။ စစ်ဆင်ရေးကို ဟောလုံစစ်ကြောင်းနဲ့ မောလုံစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီးမြေပြင်အတည်ပြုချက်များအရ အဆောက်အဦပျက်စီးမှုနဲ့ ရန်သူသေဆုံးဒဏ်ရာရရှိမှုများ ရှိနိုင်ပြီး နောက်ဆက်တွဲအခြေအနေများ ဆက်လက်စုံစမ်းနေတယ်လို့ PRA (မကွေး)က အသိပေးထားပါတယ်။

သရက်မြို့ ကပစ(၁၂)နဲ့ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း သရက်မြို့ရှိ စစ်ကောင်စီလက်နက်ခဲယမ်းထုတ်လုပ်ရေးစက်ရုံ ကပစ(၁၂)သို့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် PDFတပ်ရင်း (၄) Eagle Forceက ပြောပါတယ်။
ဒီနေ့ မနက် အစောပိုင်းက ကပစ (၁၂)ဝန်းအတွင်းသို့ ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် တစ်လုံးမှာ ချို့ယွင်းပြီး တစ်လုံးသာပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် သရက်မြို့နယ် ရေမျက်ကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းကိုလည်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ စစ်ရေးပစ်မှတ်နှစ်ခုကို ပစ်ခတ်တိုက်ခိုက်မှုများတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ပေမယ့် အတည်ပြုစုံစမ်းဆဲဖြစ်တယ်လို့ Eagle Force က ဆိုပါတယ်။

ကလေးမြို့မှာ စစ်တပ် တပ်စွဲရာငါးနေရာကို တော်လှန်ရေးအင်အားစုများ တစ်ချိန်တည်းတိုက်ခိုက်
ကလေးမြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဆည်မြောင်းရုံး ၊ ရဲစခန်းအပါအဝင်နေရာ ငါးနေရာကို တော်လှန်ရေး အင်အားစုများက ဒီနေ့ မနက်အစောပိုင်းမှာ တပြိုက်နက်တိုက်ခိုက်ခဲ့ပါတယ်။ ကလေးမြို့ပေါ်ရှိဆည်မြောင်းရုံး၊ မြောက်စည်းရဲစခန်း၊ ကလေးတောင်ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရန်ကြီးအောင်၊ကြံသာ၊အင်းကျွန်းရွာစခန်းများကို ပကဖ(ကလေး)၊ Kalay PDFနဲ့ မြို့ပြပျောက်ကျား(UG) – ကလေးတို့က ဒီနေ့ မနက်အစောပိုင်းမှာ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။ တိုက်ခိုက်မှုမှာ ပကဖ(ကလေး)က ထုတ်လုပ်တဲ့လက်လုပ် ၆၀မမ၊ ၈၀မမ၊ ၄၀မမနဲ့ အခြားလက်နက်ငယ်များပါ အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်စခန်း ပစ်မှတ်များသို့ တိတိကျကျပေါက်ကွဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ခုကပြောပါတယ်။
အင်းတော် မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦးပစ်သတ်ခံရ
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ်မှာ အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရပါတယ်။
မနေ့ညပိုင်း ၁၀ နာရီ အချိန်က အင်းတော်မြို့ မဲဇာရွာ ၊ မဲဇာရဲစခန်းရှေ့မှာ ပစ်သတ်ခံရတာပါ ။
ပစ်သတ်ခံရသူဟာ အသက် ၄၅ နှစ်အရွယ် ကိုစိုးနိုင်ဆိုသူဖြစ်ပြီး မဲဇာရွာကနေ အလယ်ဆိပ်ရွာကိုအပြန် မဲဇာရဲစခန်းရှေ့မှာ ပစ်သတ်ခံရတာလို့ အင်းတော်တော်လှန်ရေးအင်အားစုက အသိပေးပါတယ်။

ရေဦးမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးနှစ်ဦးသေဆုံး၊ နေအိမ်များပျက်စီး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး တိရိစ္ဆာန်နဲ့ လူနေအိမ်များပါ ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ မနေ့ညပိုင်းက စစ်ကောင်စီတပ်ရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေဦးမြို့နယ်၊ မုံတိုင်ပင်အုပ်စု၊ ဇီးကန်ရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပကဖ(ရေဦး)က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နွားခြောက်ကောင်သေဆုံးပြီး လူနေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြပါတယ်။



စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Guerilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့က ရေဦးမြို့မှထွက်လာတဲ့ အင်အား ၉၀ကျော်ပါ စစ်ကောင်တပ်စစ်ကြောင်းကို ကံသစ်ကျေးရွာနဲ့ ခင်ဦးမြို့ကြားမှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ရှေ့ပြေးကင်းထောက် စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်လို့ ရဲဘော်များပြန်ဆုတ်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက အသိပေးပါတယ်။။
ညောင်ပင်ဝန်းရဲစခန်းမှ ရဲများကို တိုက်ခိုက်ရာ ငါးဦးသေ၊ စစ်အုပ်စုပစ်သတ်လို့ ဒေသခံပြည်သူသုံးဦး သေဆုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ ညောင်ပင်ဝန်းကျေးရွာ ရဲစခန်းမှ စျေးဝယ်ထွက်လာတဲ့ ရဲများကို တိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး စစ်အုပ်စု စစ်ကြောင်းထိုးသတ်ဖြတ်လို့ လူငယ်အမျိုးသားသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၇ ရက်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းမှ ခြေလျင်ထွက်လာတဲ့ ရဲ ခုနစ်ဦးအား ဒေသကာကွယ်ရေးအဖွဲ့များက ပဒေသာမိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းကွင်းအတွင်း အခြေပျက်သွားတဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ငါးဦး နေရာမှာ သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ Moe Nyo Revolution Force-MNRF ခေါင်းဆောင် ကိုမိုးညိုက ပြောပါတယ်။
