မွန်ပြည်နယ် လမိုင်းမြို့နယ် နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းအား ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ -YGFက ထုတ်ပြန်သည်။
ယနေ့(ဇန်နဝါရီ ၁၁ရက်) နံနက် ၁နာရီခန့်က နှစ်ကရင်ကျေးရွာရဲစခန်းအား ဝင်ရောက်စီးနင်းစဥ် စစ်ကောင်စီလက်ပါးစေ ရဲများထွက်ပြေးခဲ့သဖြင့် စခန်းအတွင်းရှိ ပစ္စည်းများနှင့် အဆောက်အဦးကိုသာ ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ယနေ့နံနက် ၆ နာရီခွဲတွင် ကြိုးတံတားရွာရှိ စစ်ကောင်စီ၏ စခန်းကို YGFက လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ခမရ(၅၈၈) တပ်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ကူပေးခဲ့သဖြင့် (YGF)မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။
တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု YGFက ဖော်ပြသည်။
“တော်လှန်နှစ်သစ်မှာ မစ်ရှင်လေးကြိမ်အောင်မြင်ပြီးစီးတယ်။နှစ်သစ်လက်ဆောင်တွေ အများကြီးလာအုံးမယ်”ဟု YGF တပ်ဖွဲ့မှတာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောသည်။
ထို့အပြင် CDM ပြုလုပ်ထားသူများနှင့် တော်လှန်ရေးရဲဘော်များကို အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ဇန်နဝါရီ ၉ ရက်က YGFက ရှင်းလင်းခဲ့သည်။
