ကရင်အမျိုးသားအစည်းအရုံး(KNU)၊ သထုံခရိုင်တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကသေဆုံးထိခိုက် ၁၀ဦးထက်မနည်းရှိခဲ့ကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေခံတပ်မှူးတစ်ဦးက ပြောသည်။
ဘီးလင်းမှ သထုံသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၃စီးကို ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဘီးလင်းဒေါက်ရပ်(ဒေါက်ရပ်ကျေးရွာ)နားမှာ။ ကားမိုင်းခွဲတာ။ ကားက ၂စီးထိပြီး မီးလောင်သွားတယ်။သေတာက ၇ယောက်ဒဏ်ရာရတာက ၄ယောက်။ကားက ၃စီး။ ၂စီးက မီးလောင်သွားတယ်။ ကားစီးတစ်စီးကတော့ ဘီးပေါက်သွားတော့ ရပ်သွားတာပေါ့။ မနေ့က ကားတန်းတွေရပ်နေတာအဲဒီမှာ” ဟု KNLA တပ်မှူးက ပြောသည်။
စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring က သီးခြားအတည်မပြုနိုင်သေးပါ။
ပြီးခဲ့သည့် ရက်ပိုင်းကလည်းရန်ကုန် -မော်လမြိုင်လမ်းကျိုက်ထိုနှင့်သထုံကြား၌ စစ်ကောင်စီတပ်ယာဉ်များကို ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်ရှိခဲ့သည်။
“ကျွန်တော်တို့ အောင်ပွဲခံတဲ့အထိတော့ ဆက်ပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာပဲ” ဟု KNLA တပ်မှူးကတော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
