စပါးတင်းတစ်ထောင်ကျော်ကိုပါ အဓမ္မသိမ်းယူသွား
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်ကဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူနှစ်ဦးအား သတ်ဖြတ်ကာ စပါးတင်းတစ်ထောင်ကျော်လည်း အဓမ္မယူဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

အဆိုပါ စစ်ကြောင်း နှစ်ကြောင်းသည် ဇန်နဝါရီ ၆ရက် ညနေနှင့် ၇ ရက်တို့တွင် ထန်းပင်ကုန်းရွာရှိ နေအိမ်များနှင့် ကြာတကန်ကျေးရွာမှ တဲအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထန်းပင်ကုန်းရွာမှ နေအိမ် ၅၆လုံးနှင့် ကြာတကန်ရွာမှ တဲအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူများသည် ကြာတကန်ရွာမှ တဲအိမ်တွင် စစ်ဘေးရှောင်နေကြသော အသက်(၅၈)နှစ်အရွယ် ဦးထွန်းလှနှင့် အသက်(၃၀)နှစ်အရွယ် ကိုညီညီအောင်တို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဦးထွန်းလှအား မီးရှို့သတ်ဖြတ်၍ ကိုညီညီအောင်အား လက်ပြန်ကြိုးတုပ်ကာ သေနတ်နှင့် ဦးခေါင်းတခြမ်းပွင့်ထွက်သည်အထိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် ပျူများသည် ကြာတကန်ရွာက တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေသိမ်းယူပြီး ဒေသခံများ၏ စပါးတင်း တစ်ထောင်ကျော်ကိုလည်း ကားများဖြင့် ရှစ်ခေါက်တိတိခိုးယူသယ်ဆောင်သွားကြောင်း အထက်ပါအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ ၂,၅ဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ကြာတကန်နှင့် ထန်းပင်ကုန်းရွာတို့၌ သုံးညအိပ်စစ်ကြောင်းထိုးပြီး ဇန်နဝါရီ ၈ရက် နံနက်ပိုင်းတွင် ချပ်သင်းနယ်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
