စောနွေဦး/People’s Spring
“ဟိန်းထွန်းဇော်..သားကြီးရေ။သားကြီးရေထထ”ပူးပြင်းသည့်နေရောင်အောက် သစ်ပင်ရိပ်တွင် အိပ်နေသည့် ၉ နှစ်အရွယ်ဆင်မှာဆင်ဦးစီးအသံကြားသည်နှင့်ထလာသည်။ မျက်နှာစိမ်းလူများကို မြင်တွေ့သည့် အခါဆင်ထီးလေးမှာ ကြောက်လန့်သွားတော့သည်။
“ဆရာဝန်ထင်ပြီးကြောက်တာ။အကောင်ကြီးသလောက် အသဲငယ်တယ်လေ။ ဆေးထိုးခံရမှာအရမ်းကြောက်တယ်” ဟုဆင်ဦးစီးကိုသားငယ်(အမည်လွှဲ)ကပြောသည်။
ဟိန်းထွန်းဇော်အမည်ရှိဆင်ထီး၏မလှမ်းမကမ်းတွင်ဆင်အပျိုပေါက်လဲ့လဲ့ကြူမှာလည်း အနားရှိသစ်ရွက်၊သစ်ခက်များကို ဝါးနေလေသည်။
ဟိန်းထွန်းဇော်သည်ဂန့်ဂေါမြို့နယ်အတွင်းရှိဆယ်မိုင်ဆင်စခန်းမှ ဆင်ပျိုတစ်ကောင်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်အလုပ်လက်မဲ့ဖြစ်သွားသည့်ဆင်တစ်ကောင်ဖြစ်သည်။ ဆယ်မိုင်ဆင်စခန်းတွင်ဆင် ၇ ကောင်ရှိပြီး ယခုအခါအလုပ်မရှိ၍ တောထဲတွင်သဘာဝအတိုင်း လွှတ်ကြောင်းထားခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်မကွေးတိုင်းအတွင်းတရားဝင်သစ်ထုတ်လုပ်မှုများ ရပ်တန့်သွားပြီးတရားမဝင်သစ်ထုတ်လုပ်မှုများတိုးပွားလာသည်။တရားဝင်သစ်ထုတ်လုပ်ငန်းများ ရပ်တန့်သွားသဖြင့်သစ်ဆွဲဆင်များလည်း အလုပ်လက်မဲ့ဖြစ်ကုန်ကြသည်။ထိုထဲတွင်ဂန့်ဂေါမြို့နယ်မှဆယ်မိုင်ဆင်စခန်းမှဟိန်းထွန်းဇော်လည်းပါဝင်သည်။
ဂန့်ဂေါမြို့နယ်ထဲတွင်ဆင်စခန်း၁၁ခုကျော်ရှိပြီးအနည်းဆုံး ဆင်ကောင်ရေ ၈၀ ကျော်ရှိသည်။ ထိုဆင်များသည်စစ်တပ်အာဏာမသိမ်းခင်က အစိုးရသစ်ထုတ်ရေးစခန်းမှသစ်လုံးများကိုကားလမ်းအပေါ်သို့ဆွဲပေးသည့်သစ်ဆွဲဆင်များဖြစ်သည်။သို့သော်ယခုအခါအလုပ်လက်မဲ့ဖြစ်နေကြသည်။
ဂန့်ဂေါမြို့နယ်အတွင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအားကောင်းလာခြင်းကြောင့် ခေတ်အဆက်ဆက်အစိုးရသစ်ထုတ်လုပ်ရေး လုပ်ငန်းများအားလုံးနီးပါးရပ်ဆိုင်ကုန်သည်။ ဆင်စခန်းရှိ ဆင်ဦးစီးနှင့်ဝန်ထမ်းများသည်လည်းCDM လုပ်စရာမလိုဘဲသစ်ထုတ်လုပ်မှုရပ်ဆိုင်းကုန်၍ ဆင်ထိန်းကြောင်းရုံသာအလုပ်ရှိတော့သည်။ဆင်စခန်းများတွင်ဆင်ဦးစီးများမှာမိသားစုအလိုက်နေထိုင်ကြသည်။

မြို့ပေါ်မှ သစ်တောအရာရှိအဆင့်အစိုးရဝန်ထမ်းများမှာမူ PDF များစိုးမိုးထားသောနယ်မြေရှိ သစ်စခန်းများဘက်သို့ခြေဦးပင်မလှည့်ကြတော့။
“ဒီဘက်ကိုဘယ်သူမှမလာရဲကြတော့ဘူး။အရင်တုန်းက ဆင်ဆရာဝန်တွေလာသေးတယ်။ အခုမလာရဲကြတော့ဘူး”ဟုဆင်ဦးစီးကိုသားငယ်ကပြောသည်။
စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းတစ်ခုလုံးတွင်ကျွန်းသစ်တန် ၁၀၀၀ နှင့် သစ်မာ တန်ချိန် ၁၆၀၀၀ ကိုထုတ်လုပ်ခဲ့သည်။ ဂန့်ဂါသစ်ထုတ်လုပ်ရေးစခန်းတစ်ခုတည်းမှ ကျွန်းသစ် တန် ၇၀၀၊ သစ်မာ တန် ၇၀၀၀ ထုတ်လုပ်ခဲ့သည်ဟု သစ်တောဦးစီးဌာန၏ စာရင်းများတွင်ဖော်ပြထားသည်။
မကွေးတိုင်းတွင်းမင်းဘူး၊ဂန့်ဂေါနှင့်သရက်ဟူ၍ သစ်ထုတ်လုပ်ရေးစခန်းသုံးခုရှိသည်။ ၎င်းတို့အနက် PDFများက နယ်မြေအမြောက်အများထိန်းချုပ်ထားသည့် ဂန့်ဂေါတွင်သစ်ထုတ်လုပ်ရေးလုပ်ငန်းများက လုံးဝရပ်ဆိုင်းနေခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်းသစ်တောသယံဇာတများကို ထိန်းသိမ်းနိုင်ရန် ၂၀၂၁ ဇွန်လ ၂၉ ရက်ကသစ်လုံးများသယ်ယူပို့ဆောင်ခြင်းကို တားမြစ်ခဲ့သည်။ ပြည်သူများနေအိမ်များတည်ဆောက်ရန်၊စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန်တိုင်၊မျော၊ ဝါးများကို ထုတ်ယူခွင့်ပြုထားကြောင်းဇွန်လကထုတ်ပြန်ထားသည်။

“သစ်ထုတ်လုပ်ရေးကိုအခုချိန်မှာလုံးဝရပ်ဆိုင်းထားပါတယ်။ ဒါကလည်းတော်လှန်ရေးပြီးတဲ့ အချိန်ထိ သစ်ထုတ်တာကို ရပ်ဆိုင်းထာပါ။ အခွန်ရလည်း သစ်ထုတ်တာကို ရပ်ထားပါတယ်”ဟု ဂန့်ဂေါမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပကဖ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။
တော်လှန်ရေးကာလအတွင်းသဘာဝပတ်ဝန်းကျင်နှင့် သယံဇာတကိုထိန်းသိမ်းနိုင်ရန်အတွက်မူဝါဒချမှတ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းအထက်ပါတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
ဂန့်ဂေါရှိ ဆင်များသည် သစ်တောဦးစီးဌာနပိုင်ဆင်များဖြစ်ပြီး အာဏာမသိမ်းခင်က မြန်မာနိုင်ငံအနှံကို သစ်ဆွဲရန် အလုပ်လုပ်ရသည်။ ကျွမ်းကျင်လိမ္မာလွန်းလျှင် ထိုင်းနိုင်ငံသို့ရောင်းစားခံရသည်ဟု ဆင်ဦးစီးများကပြောသည်။ ထိုကြောင့် ဆင်များနှင့်မခွဲလို၍ ဆင်ဦးစီးများက လိမ္မာပါးနပ်အောင် များများစားစားမသင်ပေးတော့ ဆင်ဦးစီးတစ်ဦးကပြောသည်။
လက်ရှိ ဆင်ဦးစီးများသည်တရားဝင်CDMမလုပ်သော်လည်း ဆင်စခန်းများသည် PDFထိန်းချုပ်နယ်မြေများတွင်ရှိသောကြောင့် စစ်ကောင်စီတပ်သားများကဆင်ဦးစီးများကို ပြည်သူများနည်းတူ မြို့ပေါ်တက်လျှင်အနိုင်ကျင့်နှိပ်စက်မှုကြုံသည်။
“မြို့ပေါ်တက်ရင် လိုချင်တဲ့ ပစ္စည်းရှိရင် အကုန်သိမ်းတယ်။ လူကိုလည်းမထင်ရင်မထင်သလို ရိုက်တယ်။ ဒါကြောင့် ဘယ်သူမှ မြို့ပေါ်မသွားချင်ဘူး”ဟု ဆင်ဦးစီးကိုသားငယ်ကဆိုသည်။

လက်ရှိတွင် ဆင်ဦးစီးများသည် စစ်တပ်အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့်ဆင်များကို ထိန်းကြောင်းရင်း ယခင်လို တရားဝင်သစ်ထုတ်လုပ်ရမည့်နေ့ရက်များကိုစောင့်မျှော်နေသည်။ ယခုအခါဆင်များ၏ထိန်းကြောင်းစာရိတ်ကိုဆင်ဦးစီးများကသာ မိမိအစီအစဥ်ဖြင့်မိမိ
ဖြေရှင်းပေးရသောကြောင့် ၊စာရိတ်သက်သာအောင်အချိန်အများစုကိုတောထဲသို့လွှတ်ထားကြခြင်းဖြစ်သည်။
စစ်အုပ်စုအာဏာသိမ်းထားသောကာလတွင်စစ်တပ်အတွက် ဘဏ္ဍာရှာဖွေပေးရသောအလုပ်မလုပ်ရဘဲ ယခုကဲသို့ သစ်ထုတ်လုပ်မှုများရပ်ထားရခြင်းအပေါ် ဆင်ဦးစီးများကကျေနပ်နေသည်။
“အခုတော့ဆင်တွေကို ဘယ်သူမှမပိုင်တော့ဘူး။ ဘယ်သူမှလည်း မတရားခိုင်းလို့လည်းမရတော့ဘူး၊ ဒီကနေလည်း ဘယ်သူမှခေါ်သွားလို့လဲမရတော့ဘူး” ဟုဆင်ဦးစီးတစ်ဦးကပြောပါသည်။
