တရုတ်က ပိုမိုခက်ထန်တဲ့ သဘောထားမျိုးတွေ ပြသလာတဲ့နောက် ထိုင်ဝမ် အစိုးရဟာ စစ်မှု မထမ်းမနေရ သတ်မှတ်ချက်ကို သက်တမ်း တိုးမြှင့်လိုက်ပါတယ်။
အရင်က ထိုင်ဝမ်မှာ အရွယ်ရောက်ပြီး အမျိုးသားအားလုံး ၄ လကြာ စစ်မှု မထမ်းမနေရလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေက ပိုမို ဆိုးရွားလာနေတဲ့နောက် စစ်မှု မထမ်းမနေရ ကာလကို ၁ နှစ်ထိ သက်တမ်း တိုးလိုက်ကြောင်း ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က ကြေညာပါတယ်။
၄ လကြာ စစ်မှုမထမ်းမနေရ သတ်မှတ်ချက်ဟာ ထိုင်ဝမ်ရဲ့ လက်ရှိ ကာကွယ်ရေး ကဏ္ဍအတွက် လိုအပ်ချက်နဲ့ ကိုက်ညီမှု မရှိတော့ဘူးလို့ ဆိုင်က ပြောပါတယ်။ စစ်မှုထမ်း ကာလကို တိုးမြှင့်လိုက်ရတာဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုဆိုပေမယ့် ကျွန်းနိုင်ငံငယ်ရဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်တဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ဆိုင်က မှတ်ချက် ပေးခဲ့ပါတယ်။
စစ်ပွဲကို ဘယ်သူမှ မလိုချင်ကြောင်း၊ ထိုင်ဝမ် အစိုးရနဲ့ ပြည်သူတွေမှာလည်း အဲဒီလိုပဲ သဘောထား ရှိနေကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆိုတာက မိုးပေါ်က အလိုလို ကျလာတဲ့ လက်ဆောင် မဟုတ်ကြောင်း၊ ထိုင်ဝမ်ဟာ စစ်ပွဲကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ စစ်ပွဲအတွက် ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ စစ်ပွဲကို ရပ်တန့်ဖို့အတွက် စစ်တိုက်နိုင်တဲ့ စွမ်းရည်မျိုး လိုအပ်ကြောင်း ဆိုင်က ပြောပါတယ်။
သတ်မှတ်ချက် အသစ်ဟာ ၂၀၂၄ ခုနှစ်မှာ စတင် အသက်ဝင်မှာဖြစ်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့ ထိုင်ဝမ် အမျိုးသားတွေဟာ တစ်နှစ်ကြာ မဖြစ်မနေ စစ်မှုထမ်းရတော့မယ်လို့ သိရပါတယ်။ ထိုင်ဝမ် အတွက်တော့ ဒီသတ်မှတ်ချက်ဟာ နောက်ကြောင်းပြန်လှည့်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ လူဦးရေ ၂၃.၅ သန်းရှိတဲ့ ထိုင်ဝမ်ဟာ တစ်နှစ်ကြာ စစ်မှုထမ်း ကာလကို ၂၀၁၈ ခုနှစ်ကမှ ၄ လထိ လျှော့ချထားခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံငယ်လေးကတော့ သီးခြား လွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုပဲ လိုလားနေပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ စစ်မှုမထမ်းမနေရ စနစ်ကြောင့် တပ်ထဲဝင်လာတဲ့ တပ်သားသစ်တွေဟာ သီတင်း ၈ ပတ်ကြာ စစ်သင်တန်းတက်ပြီး စစ်မြေပြင် လေ့ကျင့်ခန်းတွေကို ၄၄ ပတ်ကြာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သမ္မတ ဆိုင်က ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ဆိုတာဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်အပေါ် မူတည်နေပြီး နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို ခိုင်မာစေဖို့ နိုင်ငံသား အားလုံးမှာ တာဝန်ရှိကြောင်းလည်း ပြောကြားသွားပါတယ်။
စစ်မှုထမ်း ကာလကို တိုးမြှင့်လိုက်ခြင်းနဲ့အတူ တပ်သားတွေရဲ့ လုပ်ခလစာဟာ ၁၉၅ ဒေါ်လာလောက် မြင့်တက်လာပြီး တစ်လကို ဒေါ်လာ ၆၅၀ ဝန်းကျင်လောက်ထိ ရှိလာမယ်လို့လည်း သိရပါတယ်။
ထိုင်ဝမ်ကို စစ်လက်နက်တွေ အဓိက တင်ပို့ကူညီနေတဲ့ အမေရိကန် ပြည်ထောင်စုကတော့ ဒီကိစ္စဟာ ထိုင်ဝမ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြင်ဆင် အားဖြည့်မှု တစ်ခု အနေနဲ့ မှတ်ချက် ပေးခဲ့ပါတယ်။ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အမေရိကန် အစိုးရဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေး စွမ်းရည်ကို လုံလောက် ပြည့်မီအောင် တည်ဆောက်နိုင်ဖို့ မမှိတ်မသုန် ဆက်ပြီး ကူညီပေးနေမယ်လို့ ပြောကြားသွားပါတယ်။
ထိုင်ဝမ် အစိုးရရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရဲ့ စစ်တပ်တွေကို အဓိက အင်အားစု လေးခု ခွဲခြမ်းပြီး ပြန်လည် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ အဲဒါတွေက ပင်မ တိုက်ခိုက်ရေး တပ်တွေ၊ မြို့စောင့်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေး စနစ်နဲ့ အရန်တပ်တွေပါ။ အဲဒီထဲမှာ ပင်မ တိုက်ခိုက်ရေး တပ်တွေကတော့ ပရော်ဖက်ရှင်နယ် အမြဲတမ်း စစ်သည်တွေ စုဖွဲ့ထားပြီး မြို့စောင့်တပ်တွေကတော့ စစ်မှု မထမ်းမနေရ စနစ်နဲ့ တပ်ထဲ ရောက်လာသူတွေ အများစု ပါဝင်သွားမှာ ဖြစ်ပါတယ်။
