“မြန်မာရှူံးလို့ ပျော်တာဒီတစ်ခါပဲရှိတယ်”စင်ကာပူ –မြန်မာဘောလုံးပွဲအပြီး မြန်မာအသင်းရှုံးနိမ့်ပြီးနောက်ပရိတ်သတ်တစ်ဦး၏ ပြောစကားဖြစ်သည်။
ကျန်ပရိတ်သတ်တစ်ဦးကလည်း ရင်တစ်မမဖြင့်ပြောလာသည်။ “မိနစ် ၇၀ လောက်ထိ စိတ်ပူမိသေးတယ် သရေကျနေလို့ ပွဲပြီးမှပဲစိတ်အေးရတော့တယ်။ တော်ပါသေးရဲ့ပုံမှန်ခြေစွမ်းလေးပြန်ရလို့”ဟု ယနေ့(ဒီဇင်ဘာ ၂၄ရက်) ညနေပိုင်းကစားသောပွဲတွင် အစောပိုင်း၌သရေကျနေရာမှ ပွဲပြီးခါနီးတွင် စင်ကာပူက ၃ဂိုး- ၂ ဂိုးဖြင့်အနိုင်ရသွားခြင်းအပေါ် မှတ်ချက်ဖြစ်သည်။

စစ်ကောင်စီလက်အောက်မှ မြန်မာအသင်း ရှုံးပွဲဆက်နေ၍ ပရိတ်သတ်များက အရွဲ့တိုက်ပြောနေခြင်းမဟုတ်ပါ ။ယခုအသင်းသည်စစ်ကောင်စီကိုသာကိုယ်စားပြုပြီး မြန်မာကိုကိုယ်စားမပြုဟု ပရတ်သတ်အများစုက သတ်မှတ်ထား၍ ထိုအသင်းရှုံးခြင်းအပေါ် ကျေနပ်၊ဝမ်းမြောက်စွာပြောနေကြခြင်းဖြစ်ပါသည်။
ရှုံးပွဲဆက်နိုင်ပါစေ ဆိုပြီးမလေးရှားနဲ့ကန်တုန်းကဆုတောင်းတာ။ ခုပြည့်ပြီ။ထပ်ပြီးလည်းရှုံးပါစေ။တကယ်စိတ်ရင်းနဲ့ပါ”ဟု ဘောလုံးချစ်ပရိတ်သတ်တစ်ဦးကလည်းပြောသည်။

ယခင်ကဘောလုံးအားကစားနှင့် လက်ရွေးစင် ဘောလုံးအသင်းကို မြန်မာလူထု အများစု အားပေးကြသော်လည်း လက်ရှိတွင် စစ်ကောင်စီကို ကိုယ်စားပြု ယှဉ်ပြိုင်နေသည် ဟု ပြည်သူအများစုက သတ်မှတ်၍ အားမပေးကြဘဲအသင်းရှုံးလျှင်ပျော်နေကြခြင်းဖြစ်၏ ။
” ဒါက ပြည်သူ့မေတ္တာစူးတာပါပဲ။ ပြည်သူကို ကိုယ်စားမပြုတဲ့ အသင်းက ဘယ်တော့မှ မနိုင်နိုင်ပါဘူး။ အခု မြန်မာအသင်း ရှုံးတိုင်း အရမ်းပျော်နေကြတယ်။ ဒီလိုမျိုး ကိုယ့်နိုင်ငံအသင်း ရှုံးတိုင်း ပျော်တာ ကမ္ဘာမှာ မြန်မာပဲ ရှိမယ် ထင်ပါတယ် “ ဟု ဘောလုံးချစ်ပရိတ်သတ်တစ်ဦးက ပြောသည်။
မြန်မာအသင်းကဲ့သို့ မကြာခင်ရက်ပိုင်းတွင်ကျင်းပပြီးခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်ဘောလုံးအသင်းလည်းရင်ဆိုင်ခဲ့ရသည်။ အီရန်နိုင်ငံတွင်အမျိုးသမီးငယ်တစ်ဦးက ဘာသာရေးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းရင်းသတ်ဖြတ်ခဲ့မှုအပေါ် ပြည်သူများကဆန့်ကျင်ဆန္ဒပြမှုများကို အကြမ်းဖက်ဖိနှိပ်သော အီရန်အာဏာရှင်အစိုးရလက်အောက်တွင် လက်ရွေးစင်အသင်းကို ပြည်သူများကအားမပေးဘဲ အုပ်စုမှပြုတ်သောအခါ ပြည်သူများကအောင်ပွဲခံခဲ့ကြသည်။ အီရန်အသင်းမှ အစောဆုံးပွဲတွင် နိုင်ငံတော်သီချင်းမဆိုဘဲ အာဏာရှင်အစိုးရအပေါ် ဆန့်ကျင်သကဲ့သို့ပြုလုပ်ခဲ့သေးသည်။

အီရန်နှင့်မြန်မာအသင်းကြုံနေရသောအခြေအနေက အားကစားနှင့် နိုင်ငံရေးမဆိုင်ဟုအကြောင်းပြချက်များမှာ မှားယွင်းကြောင်း ပြသနေသည်။ အားကစားသမားများမှာလည်း နိုင်ငံသားများဖြစ်၍ အခြားပြည်သူများနည်းတူ အားကစားနှင့် နိုင်ငံရေးဆိုင်ပါသည်ဟု အခိုင်အမာသတင်းစကားနေခြင်းဟုလည်းဆိုနိုင်သည်။
▪︎စစ်အာဏာသိမ်းမှုကြောင့်သွေးစွန်းခဲ့တဲ့ဘောလုံးလောက
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အုပ်စုကအာဏာသိမ်းခံပြီးနောက်ကျန်းမာရေးဝန်ထမ်းများ၊ပညာရေးဝန်ထမ်းများ အပါအဝင် နိုင်ငံ့လက်ရွေးစင် အားကစားသမား များအပါအဝင် နိုင်ငံ့ဝန်ထမ်းအများစုကအာဏာသိမ်းစစ်ကောင်စီအပေါ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးသမားအချို့လည်းအာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများနှင့် အတူ ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့ကြသည်။ ထို့အပြင် ဘောလုံးသမားအချို့မှာစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သွေးမြေကျ သေဆုံးရသူများ၊ ဖမ်းဆီးခံရသူများပင်ရှိခဲ့သည်။

၂၀၂၁ မေလအတွင်းက ရန်ကုန်မြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဟံသာဝတီ လူငယ်ဘောလုံးအသင်း အသင်းခေါင်းဆောင် ချစ်ဘိုဘိုငြိမ်းသည် စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် ကျဆုံးခဲ့ရသည်။ လက်ရွေးစင် ဘောလုံးသမား တစ်ဦးဖြစ်သည့် ကောင်းစည်သူသည်လည်း ၎င်း၏ အစ်ကိုဖြစ်သူ MMA ကစားသမား ဖိုးသော်၏ ကန်တော်ကြီးအတွင်းရှိ အားကစားရုံ ပေါက်ကွဲမှုနှင့် ပတ်သက်၍စစ်ကောင်စီ၏ မတရားသဖြင့်ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဖြစ်ရပ်များအပြီးနောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ နာမည်ကြီး စီနီယာ ကစားသမားများ ဖြစ်သည့် ဇော်မင်းထွန်း၊ အောင်သူ၊ ကျော်ကိုကို အစရှိသည့် ကစားသမားတို့က လက်ရွေးစင်ဘောလုံးအသင်းမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာကာ အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြသည်။
လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ဆိုလျှင် ကမ္ဘ့ာဖလားခြေစစ်ပွဲ ဂျပန်ပွဲမတိုင်ခင် နိုင်ငံတော်သီချင်းသီဆိုရင်း အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ကြောင်းလက်သုံးချောင်းထောင်ဆန္ဒထုတ်ဖော်ခဲ့သည်။သတ္တိရှိစွာဆန္ဒထုတ်ဖော်မှုကြောင့်ပြည်သူ့အချစ်တော်ဖြစ်ခဲ့ပြီး စစ်အုပ်စုအာဏာသိမ်းထားသောကာလပြတ်လာလျှင်ဖမ်းဆီးခံရမည့်အန္တရာယ်ကြုံ၍ ဂျပန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံ့ခွင့်ယူထားသည်။
▪︎CDMလုပ်နေသည်အလားရှုံးပွဲဆက်နေသည့်အသင်း
စစ်ကောင်စီ လက်ရွေးစင် ဘောလုံးအသင်းသည် အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်အထိ့နိုင်ငံတကာ ပြိုင်ပွဲနှင့် ခြေစမ်းပွဲ ၁၇ ပွဲ ယှဉ်ပြိုင်ရာ ၁၅ ပွဲအထိ ရှုံးနိမ့်ထားသည်။ ၁ ပွဲသာနိုင်ပြီး ၁ ပွဲသရေ ရလဒ်ထွက်ထားသည်။
ထို့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် ဂျပန်အသင်းကို ၁၀ ဂိုး- ဂိုးမရှိ၊ ကာဂျစ်စ္စတန် အသင်းကို ၈ ဂိုး- ၁ ဂိုးတို့ဖြင့်အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။

ပြည်သူများ အားပေးခြင်းမခံရသည့် လက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် CDM လုပ်ဆောင်နေလား ထင်ရလောက်အောင် ဆက်တိုက်ဆိုသလို အရေးနိမ့်နေသည်။
အားကစားလေ့လာသုံးသပ်သူတစ်ဦးက“ပရိသတ်အားပေးမှု မရှိတဲ့ ဘောလုံးအသင်းတွေဟာ အောင်မြင်မှု ရလေ့မရှိပါဘူး။ မြန်မာဟာ ဘောလုံးကို ချစ်တဲ့နိုင်ငံမျိုးထဲကပါ။ ဒါပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာအသင်းကို အားမပေးကြတော့ဘူး။ တဖြည်းဖြည်းနဲ့ မြန်မာအသင်းဟာ ပရိသတ်နဲ့ ဝေးသထက် ဝေးလာတယ်။ ကစားသမားတွေလည်း ဝေဖန်ခံနေရတယ်။ ကျွန်တော့်အမြင်အရတော့ ပရိသတ်အားပေးမှု မရှိတဲ့ အဖွဲ့အစည်းဟာ ဘယ်တော့မှအောင်မြင်မှာ မဟုတ်သလို ပုံရိပ်ကောင်းလည်း ကျန်ခဲ့မှာ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာတော့ မြန်မာ့ဘောလုံးက နောင်နှစ်တစ်ရာတိုင် အာဆီယံအဆင့်မှာတောင် ခေါင်းမော့နိုင်မှာ မဟုတ်ပါဘူး “ ဟုမှတ်ချက်ပြုသည်။
▪︎နိုင်ငံလွတ်လပ်မှ လက်ရွေးစင်အစစ်ကိုပြန်အားပေးမယ်
ပရိသတ်များ၏ ဝေဖန်မှုကြုံနေသည့် စစ်ကောင်စီ လက်ရွေးစင်ဘောလုံးအသင်းသည် ယခုအခါ AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီးဒီဇင်ဘာ ၂၁ ရက်က မြန်မာနှင့် မလေးရှားပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည်။
အိမ်ကွင်းပွဲစဉ် ဖြစ်သော်လည်း လာရောက်အားပေးသည့် ပရိသတ်မရှိဘဲ ဖိတ်ကြားထားသည့် ပရိသတ်အချို့သာ ကွင်းအတွင်းသို့ လာရောက်အားပေးခဲ့သည်ကိုတွေ့ရသည်။ ယင်းပွဲစဉ်တွင်လည်း စစ်ကောင်စီ ဘောလုံးအသင်းက မလေးရှားအသင်းကို တစ်ဂိုး -ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့၍ ပရိတ်သတ်အများစု ကျေနပ်ခဲ့ကြသည်။

စစ်ကောင်စီ ကိုယ်စားပြု ဘောလုံးအသင်းတွင် ပါဝင်သည့် ကစားသမားများမှာ အကြမ်းဖက်စစ်ကောင်စီအတွက်ပါဝင်ယှဥ်ပြိုင် ပေးမှုအတွကိ ပြည်သူအများစု၏ လူမှုရေးပြစ်ဒဏ်ခတ်မှုနှင့် ဝေဖန်ပြစ်တင် ရှောင်ဖယ်ခံရမည်အခြေအနေလည်းရှိနေသည်။လက်ရှိ လက်ရွေးစင်ဘောလုံးအသင်းတွင် မောင်မောင်လွင်၊ ကျော်မင်းဦး၊ ကျော်ဇင်ဖြိုး အစရှိသည့် စီနီယာ ကစားသမားများနှင့် လူငယ်ကစားသမား အများစုဖြင့်သာ ပြန်လည် ဖွဲ့စည်းထားခြင်းဖြစ်သည်။
နည်းပြချုပ်အဖြစ် ဂျာမနီလူမျိုးနည်းပြ အန်တွမ်နီဟေးက တာဝန်ယူထားသည်။ ယခုအသင်းကိုအကြောင်းပြု အမြတ်အများဆုံးရရှိနေသူမှာ နိုင်ငံတွင်းစီးပွားရေးကြပ်တည်းနေသော်လည်း လစာကောင်းရနေသည့် အန်တွမ်နီဟေးပင်ဖြစ်ကြောင်း ပရိတ်သတ်အချို့ကပြောသည်။
စစ်ကောင်စီလက်အောက်တွင် ဘောလုံးမကန်သော လက်ရွေးစဥ်ဘောလုံးသမားများမှာ ပြည်သူ့အချစ်တော် ကစားသမားများဖြစ်နေသည်။စစ်ကောင်စီလက်အောက်တွင်ကစားနေသောဘောလုံးသမားများကို တော်လှန်ရေးအောင်ပွဲအလွန်တွင် ပြည်သူများက မည်သို့ဆက်ဆံမည်ကိုမသိရသေးပေ။
“အခု လက်ရွေးစင်မှာ ကစားနေတဲ့ ကစားသမားအချို့က တော်လှန်ရေး အစပိုင်း ဆန္ဒပြတုန်းက ပါခဲ့တဲ့ သူတွေလည်း ရှိတယ်။ နောက်ပိုင်းမှာ သူတို့လည်း လူသိများတဲ့ သူတွေ ဆိုတော့ သတိပေး တားမြစ်ခံရတာမျိုးလည်း ရှိတယ်လို့ ကြားတယ်။ အခု ကစားနေတဲ့ အထဲမှာ အကြပ်ကိုင် ခြိမ်းခြောက်တဲ့ ပုံစံမျိုးကြောင့် ကစားနေရတဲ့ သူတွေရှိသလို အချောင်လိုချင်စိတ်နဲ့ ကစားနေတဲ့သူတွေလည်း ရှိတယ်။လတ်တလောမှာ ပြည်သူတွေက ဘောလုံးသမားတွေ အားလုံးကို အပြစ်မြင်နေကြတယ် ဆိုပေမယ့် တော်လှန်ရေး အလွန်မှာတော့ ဘယ်သူတွေက ဘာကြောင့် ကစားခဲ့သလဲ ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ် “ ဟုစစ်ကောင်စီ တော်လှန်ရေးလုပ်ကိုင်နေသောလူငယ်တစ်ဦးကသူ၏ အမြင်ကိုပြောသည်။
ဘောလုံးချစ်ပရိတ်သတ်တစ်ဦးကမူ အောက်ပါအတိုင်းပြတ်ပြတ်သားသားပြောသည်။ “အာစီယံ မှာမြန်မာလူမျိုးတွေ မြန်မာအသင်းကို ဘယ်လောက်ချစ်ဘယ်လောက်အားပေးတယ်ဆိုတာခေတ်အဆက်ဆက်သက်သေပြပြီးပြီ။မလေး၊ ထိုင်း၊ စင်ကာပူဆို အိမ်ရှင်အလားအောက်မေ့ရအောင်အားပေးခဲ့ကြပြိးပြီ။ ၂ နှစ်အတွင်းငါတို့တွေစိတ်ဓာတ်ပြတ်သားချက်ကတော့အားရတယ်။ နိုင်ငံကြီးလွတ်လပ်မှပဲ ငါတို့အတိုးချအားပေးကြတာပေါ့” ဟူ၏ ။ ။
