ဂျပန်မှာ ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ ဗုံးပါလာတယ်ဆိုတဲ့ သတင်းကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ဇန်နဝါရီ ၇ ရက်က နိုင်ငံရဲ့ အကြီးဆုံး ဘတ်ဂျတ် လေကြောင်းလိုင်းဖြစ်တဲ့ Jetstar Japanရဲ့ လေယာဉ် တစ်စီးဟာ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ NHK သတင်းဌာနရဲ့ အဆိုအရ တိုကျိုမြို့၊ နရီတာ လေဆိပ်ဟာ မနက် အစောပိုင်းမှာ ဂျာမနီ နိုင်ငံက အမျိုးသား တစ်ဦးဆီက ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အမျိုးသားက သူဟာ လေယာဉ်ပေါ်မှာ ဗုံးတစ်လုံး တင်ပေးလိုက်တယ်လို့ အင်္ဂလိပ် ဘာသာနဲ့ ပြောကြားခဲ့ပါတယ်။
လေယာဉ်ဟာ နရီတာ လေဆိပ်ကနေ နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ဖူကူအိုကာမြို့ကို ဦးတည် ပျံသန်းနေခဲ့တာပါ။ အခု ဖုန်းခေါ်ဆိုမှုကို ရရှိပြီးတဲ့နောက် ချူဘူမြို့က လေဆိပ်ဆီ အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ပါတယ်။
အဲဒီနောက် ခရီးသည် ၁၃၆ ဦးရော၊ လေယာဉ် အမှုထမ်း ၆ ဦးကိုပါ အန္တရာယ် ကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာတွေမှာတော့ Airbus A320 အမျိုးအစား လေယာဉ်ပေါ်ကနေ လူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ ပျံ့နှံ့လာပါတယ်။
ဖုန်းခေါ်ဆိုသူဟာ လေယာဉ်ပေါ်မှာ ၁၀၀ ကီလိုဂရမ်လောက် အလေးချိန်ရှိတဲ့ ပလတ်စတစ် ဖောက်ခွဲရေး ပစ္စည်းတွေကို တင်ပေးလိုက်တယ်လို့ အခိုင်အမာ ပြောခဲ့ကြောင်း ရဲဌာနရဲ့ သတင်းရင်းမြစ် တချို့ကို ကိုးကားပြီး NHK သတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့ လေယာဉ် တစ်စီးလုံးမှာ ဖောက်ခွဲရေးပစ္စည်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့ကြောင်း သိရပါတယ်။ အခုကိစ္စကြောင့် လေယာဉ် ခရီးစဉ်က ၄ နာရီလောက် နှောင့်နှေးမှု ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် အခုလို ဗုံးသတင်းအမှားပေးပြီး နှောင့်ယှက်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဂျပန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
