▪︎ဆိုင်မဖွင့်သူများဆိုင်ပိတ်မည်ဟုလိုက်အော်နေ
ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ် ဗစ်တိုးရီးယားစခန်းအား စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ချင်းတပ်ဖွဲ့မှရဲဘော်များ ကျဆုံးထိခိုက်မှု ရှိခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် ဟားခါးမြို့တွင်း စျေးဆိုင်များကို ယနေ့တွင်ပိတ်ထားရာ စစ်ကောင်စီက ဆိုင်များ ပြန်ဖွင့်ရန် ခြိမ်းခြောက်လျက်ရှိနေသည်ဟုချင်းဒေသတွင်းသတင်းဌာနဖြစ်သော The Chin Journalက ဖော်ပြသည်။


ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါးမြို့တွင်း စျေးဆိုင်မဖွင့်သူများကို ဆိုင်များ ပိတ်သိမ်းမည်ဟု မြို့တွင်းသို့ ကားဖြင့်လှည့်လည် ကာ အော်နေကြကြောင်း ဒေသခံများကိုကိုးကားပြီး The Chin Journal က ဖော်ပြသည်။


“ အခု စစ်ကောင်စီတပ်သားတွေ ကားနဲ့ လိုက်အော်နေကြတယ်။ အကြမ်းဖက်အားပေးပြီး ဆိုင်မဖွင့်သူများကို ဆိုင်ပိတ်သိမ်းမယ်လို့ လိုက်အော်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်ကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပြီးစစ်ကောင်စီတပ်ကိုဆက်လက်ခုခံတိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။
