▪︎တာမွေမှာ မဲစာရင်းပြုစုဖို့စာရင်းလိုက်ကောက်နေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ထုခံရ
ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ဒီနေ့နေ့ခင်းက မဲစာရင်းပြုစုဖို့ လူဦးရေစာရင်းလိုက်ကောက်နေတဲ့ စစ်ကောင်စီဝန်ထမ်းတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force (FLA)က ပြောပါတယ်။ တာမွေမြို့နယ် က+ခ ရပ်ကွက်၊ ၁၆၂ လမ်းအတွင်း လူဦးရေစာရင်းလိုက်ကောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ လူအုပ်စုကို လက်ပစ်ဗုံးတစ်လုံးပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် သတိပေးတဲ့ တိုက်ခိုက်မှုဖြစ်လို့ ပြင်းထန်မှု မရှိဘဲ နောက်တစ်ကြိမ်ဆို လျှော့ပေါ့မှာ မဟုတ်ဘူးလို့ FLA တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

▪︎CNF ဌာနချုပ်တိုက်ခိုက်ခံရမှုအပေါ် ဝမ်းနည်းကြောင်း ဟားခါးမြို့ နေပြည်သူများ ဆိုင်များပိတ် ဆန္ဒပြ
ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ် ဗစ်တိုးရီးယားစခန်းကို စစ်ကောင်စီတပ်က မနေ့က လေကြောင်းမှ တိုက်ခိုက်ခဲ့တာကြောင့် ချင်းတပ်ဖွဲ့မှရဲဘော်များ ကျဆုံးထိခိုက်မှုရှိခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း ဟားခါးမြို့ခံတွေက စျေးဆိုင်တွေ ပိတ်ကာ ဆန္ဒပြခဲ့ပါတယ်။ စစ်ကောင်စီက ဒီနေ့ ဆိုင်ပိတ်တဲ့ စျေးဆိုင်တွေကို ပြန်ဖွင့်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန The Chin Journal က ဖော်ပြပါတယ်။

ဟားခါးမြို့တွင်း စျေးဆိုင်များကို ယနေ့တွင်ပိတ်ထားရာ စစ်ကောင်စီက ဆိုင်များ ပြန်ဖွင့်ရန် ခြိမ်းခြောက်လျက်ရှိနေသည်ဟုချင်းဒေသတွင်းသတင်းဌာနဖြစ်သော The Chin Journalက ဖော်ပြသည်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်ကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ကို ဆက်လက်ခုခံတိုက်ခိုက်သွားမယ်လို့ အသိပေးပါတယ်။

▪︎ စစ်အာဏာရှင်ဖြုတ်ချရေး အားသွန်ခွန်စိုက်လုပ်မယ်လို့ မင်းတပ် CDF ထုတ်ပြန်
ချင်းတော်လှန်ရေးအဖွဲ့အစည်းတစ်ခုရဲ့ ရုံးစိုက်ရာဌာနချုပ်ကို လေကြောင်းမှ တိုက်ခိုက်ခြင်းမှာ ချင်းပြည်သူတစ်ရပ်လုံးကို မထီမဲ့မြင်ပြုရာရောက်ပြီး ချင်းပြည်သူအားလုံးရဲ့ စစ်ကောင်စီ အပေါ် နာကြည်းမှုများတိုးပွားလာစေကာ ချင်းလူမျိုးတွေရဲ့ တော်လှန်ရေး စိတ်အားထက်သန်မှုကို ပိုမိုခိုင်မာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။

မင်းတပ် CDF ဟာ CNF/CNA အပါအဝင် ချင်းတော်လှန်ရေး အင်အားစုများ၊ နိုင်ငံအနှံ့ရှိ ဘုံရည်မှန်းချက်တူညီတဲ့ တော်လှန်ရေး အင်အားစုများနဲ့ ပိုမို ပူးပေါင်းကာ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းတွေမှာ ဆက်လက်ပြီး အားသွန်ခွန်စိုက် ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီက မနေ့က ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဌာနချုပ်တည်ရှိရာ ဝိတိုရိယစခန်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော် ငါးဦးကျဆုံးပြီး ဒဏ်ရာရသူ ၁၀ ခန့်ရှိခဲ့ပါတယ်။

▪︎လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းဖမ်းဆီးချိန် မင်းအောင်လှိုင် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုများ သိမ်းဆည်းရမိ
မြန်မာခရိုနီ စစ်လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးချိန်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ထုတ်ပြန်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနဲ့ လက်နက်ပွဲစားထွန်းမင်းလတ်ကို စီးနင်းဖမ်းဆီးချိန်မှာ စစ်ရာဇ၀တ်ကောင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ တန်ဖိုးကြီးကွန်ဒိုတစ်ခန်းရဲ့ ပိုင်ဆိုင်မှုအထောက်အထား၊ သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ ထိုင်း ဘဏ်စာအုပ် နှစ်အုပ်တို့ကို တစ်ပါတည်းတွေ့ရှိခဲ့တာပါ။ ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ထွန်းမင်းလတ်လက်ဝယ်တွေ့ရှိခဲ့တာပါ။ အဲဒီကွန်ဒိုအခန်းရဲ့ ကာလပေါက်စျေးမှာ ဘတ် ၃၃ သန်းခန့်(အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး) ဖြစ်တယ်လို့ JFM က ဖော်ပြပါတယ်။

▪︎ဘီးလင်းမှာ စစ်ကောင်စီတပ်ယာဉ်တန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ သထုံခရိုင်တပ်မဟာ(၁)နယ်မြေမှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက် ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေခံတပ်မှူးတစ်ဦးက ပြောပါတယ်။ ဘီးလင်းမှ သထုံသို့ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ် သုံးစီးကို မနေ့ နေ့ခင်းက KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာပါ။ ကားနှစ်စီးမီးလောင်သွားပြီး သေဆုံးသူ ၇ ဦးရှိခဲ့ကာ ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့တယ်လို့ KNLA တပ်မှူးက ရှင်းပြပါတယ်။
▪︎စစ်ကောင်စီရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့ ဝင်ရောက်စီးနင်းမီးရှို့
မွန်ပြည်နယ် လမိုင်းမြို့နယ် နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ -YGFက ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းက နှစ်ကရင်ကျေးရွာရဲစခန်းကို ဝင်ရောက်စီးနင်းစဥ် စစ်ကောင်စီလက်ပါးစေ ရဲများထွက်ပြေးခဲ့လို့ စခန်းအတွင်းရှိ ပစ္စည်းများနဲ့ အဆောက်အဦးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီနေ့ မနက်မှာပဲ ကြိုးတံတားရွာရှိ စစ်ကောင်စီရဲ့ စခန်းကို YGFက လက်နက်ငယ်၊လက်နက်ကြီးတွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အသိပေးပါတယ်။

▪︎ရေကြောင်းမှ အင်အားလာတိုးတဲ့ စစ်အုပ်စုရေယာဥ်ကို ဒရုန်းနဲ့ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာသို့ ချင်းတွင်းမြစ်အတွင်းမှတဆင့် မော်တော်ရေယာဥ်နဲ့ အင်အားလာတိုးတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ရေချိုးနေတဲ့ စစ်အုပ်စုပါ ထိမှန်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်-CHAUNG U REVOLUTION AEMY(CRA)က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညနေပိုင်းက မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)က အမြင့်ကျေးရွာကို အင်အားတိုးချဖို့ ပြင်ဆင်လာခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် နတ်စင်ဆိပ်ကမ်းမှာ ရေချိုးနေတဲ့ စစ်ကောင်စီတပ်သား ကိုးဦးပါ ထိခိုက်နိုင်တယ်လို့ CRAက ဆိုပါတယ်။ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ကာ တစ်ဦးမှာ ပြင်းထန်အခြေအနေရှိတယ်လို့ သိရပါတယ်။
▪︎စစ်ကောင်စီရေယာဥ်ကို ဒေသကာကွယ်ရေးတပ်များ နှစ်ကြိမ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပျူစောထီးအမျိုးသမီးများအပါအဝင် မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ရေယာဥ်ကို နှစ်ကြိမ်တိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်များတယ်လို့ Salingyi Border Task Force – SBTF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇန်နဝါရီ ၉ ရက်က အလုံမင်းထောင့်ဆိပ်ကမ်းမှ စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဥ်ဟာ မနေ့ မနက်ပိုင်းက ပေါင်းဝအထက်ဘက်သို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီရေယာဥ်ကို တပ်ပေါင်းစုများက ရှေ့ထွက်မိုင်းများ၊ လက်နက်ငယ်များနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
