ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၁၁)နေ့လယ်ပိုင်းက မဲစာရင်းပြုစုရန် လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီဝန်ထမ်းများအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA)က ပြောသည်။
ယနေ့ နေ့လယ် ၂ နာရီ ၄၅မိနစ်ခန့်က တာမွေမြို့နယ် က+ခ ရပ်ကွက်၊ ၁၆၂ လမ်းအတွင်း လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီလက်အောက်ခံ လူအုပ်စုအား လက်ပစ်ဗုံးတစ်လုံးပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“အထိခိုက်က ပြင်းထန်မှာမဟုတ်ဘူး။ ဒီနေ့တွေ့ရတာ ဆရာမတွေလည်း ပါနေတယ်။ အဲတာကြောင့် လျော့ပေါ့ပေးခဲ့တာပါ။ ဘတ်မတူပေမဲ့ ကိုယ်တွေကိုပညာသင်ပေးခဲ့လို့ ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်လျော့ပေါ့ ပေးလိုက်တာပါ။ နောက်တစ်ခါဆိုမရတော့ဘူး”ဟု FLA. မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများ ထိခိုက်မှုရှိ၊မရှိစောင့်မကြည့်တော့ဘဲ Freeland Attack Force (FLA)နှင့်မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA)၊ Revolution of 21 Century အဖွဲ့မှ အဖွဲ့သားအားလုံးပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာအမြန်ဆုံးဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
“မဲစာရင်းအတွက် လူဦးရေစာရင်းလိုက်ကောက်တဲ့အုပ်စု ဗုံးနဲ့ထုခံရတယ်ဆိုတာပဲ ကြားမိတယ်။ ဘယ်နှစ်ယောက်ထိခိုက်သွားတယ်ဆိုတာတော့ သေချာမသိရသေးဘူး”ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
တရားမဝင် မဲစာရင်းတွင် ဦးဆောင်လှုပ်ရှားနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ဖို့ သတိပေးထားပြီး ပြည်သူများအနေဖြင့်လည်း တရားမ၀င်ရွေးကောက်ပွဲအား တက်နိင်သမျှမပါ၀င်ကြဖို့ မေတ္တာရပ်ခံအပ်ပြီး စစ်ကောင်းစီတပ်များ နှင့်ဝေးရာမှာနေကြဖို့ ထပ်မံမေတ္တာရပ်ခံထားသည်။
