ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ အဆောက်အအုံထိခိုက်ပျက်စီးများပြီး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်းချင်းတပ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
CNF/CNAဌာနချုပ်ဖြစ်သကဲ့သို့ ချင်းတပ်ပေါင်းစု ချင်းပြည်ကာကွယ်ရေးကော်မတီ(CJDC) ဌာနချုပ်တည်ရှိရာ ထန်တလန်မြို့နယ် ဗစ်တိုးရီးယားစခန်း သို့ စစ်ကောင်စီတပ်က ယနေ့ဇန်နဝါရီ ၁၀ရက်ညနေပိုင်း၌ လေကြောင်းမှတိုက်လေယာဥ် ၅ စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ထိခိုက်ပျက်စီးတာများတယ်။ကျဆုံးတွေလဲရှိတယ်။ထိခိုက်ကျဆုံးကိုတော့မစုစည်းရသေးဘူး။ဌာနချုပ်ကကျယ်တော့ စုစည်းပြီးမှပဲသတင်းထုတ်ပြန်ရမယ်ထင်တယ်” ဟုချင်းတပ်ဖွဲ့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဒေသတွင်းသတင်းဌာနဖြစ်သောThe Chin JournalကCNF/CNA တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်၏တိုက်လေယာဉ်များ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်ဟု သတင်းများလည်း ရရှိထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။
လေကြောင်းမှသွားရောက်တိုက်ခိုက်သောလေယာဥ်များမှာတံတားဦးလေတပ်မှ တိုက်လေယာဥ် ၅ စီးဖြစ်သည်။တံတားဦးလေတပ်မှYAL-130 တိုက်လေယာဥ် ၅ စီးသည် ယနေ့ညနေ ၃နာရီ ၃၆ မိနစ်တွင် တစ်စီး ၊ ၃ နာရီ ၅၆ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၁ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၃ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၁၁ မိနစ်တွင်တစ်စီး တံတားဦးလေတပ်မှ အရှေ့မြောက်အရပ်သို့ အယောင်ပြ ပျံသန်းပြီးမှ ချင်းပြည်နယ်ကိုသွားရောက်ဗုံးကျဲခဲ့ခြင်းဖြစ်သည်။
ယခု လေကြောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်နေဆဲဖြစ်သည်။
CNF/CNA သည်ချင်းပြည်ဒေသအသီးသီးရှိချင်းကာကွယ်ရေးတပ်(CDF) များနှင့်လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
