ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာရဲဘော်လည်း ကျဆုံးခဲ့ရ
ကျောက်ကြီးမြို့နယ် နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်းတွင် ထားခဲ့ရသော ရိက္ခာတင်ယာဥ် ပြန်လာယူသည့် စစ်ကောင်စီတပ်အား KNU/KNLA ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးသွားကြောင်း ပဲခူးတိုင်း PDF တပ်ရင်း (၃၇၀၂)က ပြောသည်။
ယမန်နေ့(ဇန်နဝါရီ ၉) နံနက်ပိုင်းက နတ်သံကွင်းနှင့် ကျောက်ကြီးမြို့နယ်ကြား နောင်ကုန်းကျေးရွာအနီးတွင် မယူနိုင်၍ ထားခဲ့ရသော ရိက္ခာတင်ယာဥ်အား ပြန်လာယူသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် တပ် ရင်း(၃၇၀၂)မှ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

ကျဆုံးရဲဘော်မှာ ရန်ကင်းပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာ စောလဲဘွယ်ထူးဖြစ်ပြီး ၎င်းရဲဘော်အတွက် သွေးကြွေးပြန်ယူသည့်အနေဖြင့် ယင်းနေ့(ဇန်နဝါရီ ၉)ညပိုင်းတွင် စစ်တောင်းတံတားရှိ စစ်ကောင်စီတပ်ဂိတ်ကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တပ်ရင်း (၃၇၀၂)က ပြောသည်။

“(မနေ့)ညပိုင်း စစ်တောင်းတံတားမှာ တစ်ကောင်သေ၊ သုံးကောင်ဒဏ်ရာရသွားတယ်”ဟု PDF တပ်ရင်း(၃၇၀၂) မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အထက်ပါ နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ဇန်နဝါရီ ၇ရက်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းမိခြင်းအပြင် ဇန်နဝါရီ ၈ရက်ကလည်း KNU/KNLA ၊ PDF ပူးပေါင်းတပ်များ၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၄ဦးခန့် သေဆုံးခဲ့သည်။
