တိုက်လေယာဉ်များဖြင့် ဗုံးအလုံး ၂၀ကျော်ကြဲချ တိုက်ခိုက်၊ ဒေသခံတစ်ဦး ဒဏ်ရာရပြီး အဆောက်အဦးပျက်စီးမှုရှိ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေသို့ စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅) က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၇ရက် နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်ကော်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာရရှိပြီး၊ အဆောက်အဦး တစ်လုံးနှင့် မော်တော်ယာဉ် တစ်စီးပျက်စီးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်သည်။


ယနေ့ နံနက် ၈နာရီခန့်မှ ၉နာရီအကြားတွင်လည်း စစ်ကောင်စီတပ်သည် တိုက်လေယာဉ် ခုနစ်စီးဖြင့် ဗုံး ၂၀လုံး လာရောက်ကြဲချခဲ့ရာ ဒေသခံများ၏ လုပ်ငန်းခွင်များအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်မှုနှင့် စစ်ဆင်ရေးများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများအတွက် အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရသည့်အပြင် စိုးရိမ်ကြောက်လှန့်မှုများဖြစ်ပွားနေရသည်ဟု KNUတပ်မဟာ(၅)က ထုတ်ပြန်သည်။
