ကလေးမြို့နယ်တွင်စစ်ရေးတင်းမာနေသဖြင့်အချိန်မရွေး၊ နေရာမရွေး ဖောက်ခွဲပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့်ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့်ဝေး ရာတွင်ကြိုတင်ရှောင်ရှားထားကြရန် ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့အရေးပေါ်သတိပေးချက်ထုတ်ပြန်သည်။
“ကျွန်တော်မှာ အမြဲတမ်းကြုံနေရာတဲ့ ပြသနာက စစ်ကောင်စီက ကိုယ်ခွင်ထဲရောက်လာပြီ ကိုယ်လုပ်လိုက်လို့ရတယ်။ ပြည်သူတွေက အနားမှာအမြဲရှိတယ်။ ကျွန်တော်တို့လုပ်လိုက်မယ်ဆိုရင် စစ်ကောင်စီကို ထိမှာသေချာတယ်။ပြည်သူလည်း ကံဆိုး၊ကံကောင်းထိမှာ အာလိုတွေကျွန်တော်တို့ အဖြစ်မခံနိုင်ဘူး။တန်ဖိုးရှိတဲ့ ပြည်သူတယောက်အသက်ကို ဆောရီးပါလို့ဒီလိုပဲအမြဲတမ်းမဖြစ်စေချင်ဘူး။”ဟု PDFကလေး မှ တာဝန်ရှိသူကပြောသည်။
PDF(ကလေး)တာဝန်ရှိသူများကပြည်သူများကို ရှောင်ရှားခိုင်းသည့်နေရာများမှာစစ်ကောင်စီတပ်အခြေစိုက်နေရာများ၊ ၎င်းတို့သွားလာရာလမ်းကြောင်းများနှင့် စစ်ကောင်စီမော်တော်ယာဉ်များဖြစ်သည်။
ထိုပြင်ကလေးမြို့ပေါ်တွင်လည်းစစ်ဆင်ရေးများရှိ၍ပြည်သူများသတိထားသွားလာကြရန်လည်းတိုက်တွန်းထားသည်။
“မိုင်းတွေခွဲဖို့လုပ်ထားတာ။ပြည်သူတွေကရှိနေတော့ဘာမှလုပ်မရဘူး။လိုအပ်လို့သတိပေးတာပါ”ဟုကလေးPDF တပ်ဖွဲ့ဝင်ဦးကပြောသည်။
ယမန်နေ့( ဇန်နဝါရီလ ၉ ရက်)နံနက်ကလည်း ကလေးမြို့၊ တာဟန်းရပ်ကွက်၊ဝယ်စလီဆေးရုံနှင့် ဒိုးဝိုင်းချောင်းလမ်းသို့ ရောက်ရှိလာသောစစ်ကောင်စီ တပ်ကို PDF (Kalay) ၏ မြို့ပြပျောက်ကြားစစ်ဆင်ရေးတပ်ဖွဲ့ (Operation MoMo) ကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။တိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီဘက်က သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ပြန်ပစ်၍ နေအိမ်အတွင်းမှ ပြည်သူ တစ်ဦးကျည်ထိမှန်သေဆုံးခဲ့သဖြင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်းPDF (Kalay)က ထုတ်ပြန်ထားသည်။
