ကလေးမြို့၊ တောင်သာရပ်ကွက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ကလေးမြို့တောင်သာရပ်ကွက်မှ စစ်ကြောင်းထိုးလာပြီး စက္ကန့်ကျေးရွာတွင် ညအိပ်ရပ်နားပြီး သုံးအိမ်စုကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
“မနေ့(ဒီဇင်ဘာ ၁၈)ကတည်းကစစ်ကြောင်းထိုးနေတာအခုလည်းမလှမ်းမကမ်းမှ စခန်းချထားတာမို့ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။
မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်င်သော်လည်း အတည်ပြုနိူင်ခြင်း မရှိသေးဟု ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် နဂါးပွတ်ကျေးရွာမှအဘွားအိုတစ်ဦးထိခိုက်ခဲ့ပြီး၊နွားတစ်ကောင်နှင့်ဆိုင်ကယ်၃စီးပျက်စီးခဲ့ရသည်ဟုကလေးPDFကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် မြိုကြီးကုန်းကျေးရွာနေ ၁၄ နှစ်အရွယ်ကလေးငယ်၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြိုလှကျေးရွာသို့တပ်ဆုတ်ကာတပ်စွဲထားသည်ဟုကလေးPDFကအသိပေးထားသည်။
“စစ်ကောင်စီတပ် စစ်ကြောင်းချီလာရင် ပြည်သူတွေကိုရှောင်ရှားစေချင်တယ်။ သူတို့က ပြည်သူလူထုကို ဓားစာခံဖမ်းဆီးတတ်လို့”ဟု ကလေးPDF တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီ တပ်ဖွဲများ၏စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်နှင့် တပ်စွဲရာ နေရာများအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကြိုတင်ရှောင်ရှားထားရန် မေတ္တာရပ်ခံကြောင်းနှင့် ကြိုတင်ရှောင်ရှားခြင်းမရှိပါက ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်များနှင့် နောက်ဆက်တွဲအကျိုးဆက်များကိုသတိပြုစေလိုသည်ဟုကလေးPDFကတိုက်တွန်းထားသည်။
