မန္တလေးက ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ ကြယ်စင်လင်းဆေးရုံမှာ CDM ကျန်းမာရေးဝန်ထမ်းတွေရှိမရှိ စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်စစ်သွားတယ်လို့ဆေးရုံနဲ့နီးစပ်သူတွေထံကသိရပါတယ်။
အဲဒီဆေးရုံဟာ မဟာအောင်မြေမြို့နယ် ၊လမ်း ၆၀ ၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားမှာရှိပြီး စစ်ကောင်စီတပ်က CDM တွေနဲ့ ပတ်သက်ဆက်နွယ်တာတွေမလုပ်ဖို့ သတိပေးသွားတယ်လို့လည်းသိရပါတယ်။
“CDMဆို လုံးဝလက်မခံရဲအောင် လာခြောက်တဲ့သဘောလည်းပါတယ်”လို့ ဆေးရုံနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကလည်း မန္တလေးက နာမည်ကြီးဆေးရုံ တွေဖြစ်တဲ့ မြို့တော် ၊နန်းတော် ၊ကံ့ကော်၊ ထက်နေလင်း နဲ့ စိန်ပန်းဆေးရုံ အပါအဝင် ဆေးရုံ ၅ ရုံကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်ခိုင်းထားပါတယ်။
အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။
မန္တလေးမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီတပ်ဟာ ပစ်မှတ်ထားဖမ်းဆီးတာရှိပြီး ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလကုန်ပိုင်းနဲ့နိုဝင်ဘာလဆန်းပိုင်းမှာတင် ဒါဇင်နဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖမ်းဆီးခံခဲ့ရတာရှိပါတယ်။
