နွေဦးတော်လှန်ရေးကာလ ၂ နှစ်နီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် သေဆုံးသူ အမျိုးသမီး ၄၁၄ ဦး ရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဖော်ပြသည်။
NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၃ ဒီဇင်ဘာ ၇ ရက်နေ့အထိ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ပမာဏပြ ပုံစံကားချက်ကို နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကို ကိုးကားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အားလုံးအနက် အမျိုးသမီးဦးရေမှာ ၁၃.၁ ရာခိုင်နှုန်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှ ၁၇၁ ဦးဖြင့် အများဆုံးဖြစ်သည်။

မွေးကင်းစမှ အသက်၂ နှစ်အောက်အရွယ် နှစ်ဦးမှ စပြီး အသက် ၇၀ နှင့်အထက် ၅၁ ဦး အထိ အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးများကို သတ်ဖြတ်ခဲ့သည်။

ဒီဇင်ဘာ ၇ ရက်အထိ မြန်မာနိုင်ငံရှိ လူငယ် ၁၀၅၉ ဦးမှာလည်း စစ်အုပ်စု၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ယင်းမှာ စုစုပေါင်း သတ်ဖြတ်ခံရသူဦးရေအနက် ၃၃.၅ ရာခိုင်နှုန်းဖြစ်သည်ဟု NUG က ဆိုသည်။
အကြမ်းဖက်စစ်အုပ်စုသည် ကလေးသူငယ်များကိုလည်း မညှာမတာသတ်ဖြတ်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်အထိ ကလေးသူငယ်ပေါင်း ၂၆၅ ဦးသေဆုံးခဲ့ပြီးဖြစ်သည်ဟု NUG က ဖော်ပြသည်။
