မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးကျေးရွာနှင့် ရဲစခန်းကြား ယာဥ်တန်း ဖြတ်သန်းရန် ကြိုတင်ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး သေဆုံးကြောင်း စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဇန်နဝါရီ ၆ ရက်) နံနက် ၁၀နာရီခန့်က မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ ပျူစောထီးစခန်းနှင့် ကိုင်းတောမနယ်မြေရဲစခန်းကြား စစ်ကောင်စီ ယာဉ်တန်းဖြတ်သန်းရန်အတွက် ကင်းပုန်းဝပ်ရန် ခြေလျင်ထွက်လာသော ၁၀ဦးခန့်ပါ စစ်ကောင်စီတပ်၏ ရှေ့ပြေးအဖွဲ့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့အား ရှေ့ထွက်မိုင်း၊ ရှေ့ထွက်ပြောင်းတိုက် (၁၈)လုံးကို မိုင်းပွိုင့် (၉)နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးပွဲချင်းပြီး သေဆုံးပြီး ကျန်စစ်ကောင်စီတပ်သားများ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ဆင်ရေးနှင့်ပတ်သက်၍ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)၏ တပ်ခွဲ(၄) စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တပ်ခွဲ(၁)၊မုန်တိုင်းတပ်ဖွဲ့၊ အပြုံးမပျက်တဲ့ဂတုံးတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဇန်နဝါရီ ၅ ရက် ညနေကလည်း မြိုင်(ပကဖ)အဖွဲ့များသည် မြိုင်မြို့အဝင် မြောက်ဘက်နှင့် အနောက်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား လက်နက်ကြီးလက်နက်ငယ်များဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ရဲ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ခုနစ်ဦးအနက် နှစ်ဦးသေဆုံးကြောင်း မြိုင်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
