စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် မြို့မရဲစခန်းကိုပစ်ခတ်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားများရောက်လာ၍ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (ဇန်နဝါရီ ၉) နံနက်ပိုင်းက ဝက်လက်မြို့မရဲစခန်းကို လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မင်းစုရပ်ကွက် အနီးသို့ ထွက်လာသော အင်အား၂၀ ခန့်ပါ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် အချိန်အနည်းငယ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေက ဝက်လက်မြို့မရဲစခန်းဘက်ကို ဆယ်ချက်လောက်ပစ်အပြီးမှာ ဝက်လက်မြို့ထဲမှာရှိတဲ့ စ..(စစ်ကောင်စီတပ်သား)တွေ ပျူတွေက ဝက်လက်မြို့အစွန်က မင်းစုရပ်ကွက်က ဘုရားဘေးကနေထွက်လာပြီး ကျွန်တော်တို့ဘက်ကို တတ်လာတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တွေက အရင်မြင်ပေမယ့် ပြည်သူလား ရန်သူလား သေချာကြည့်ပြီးမှ သေချာလို့ လက်နက်ငယ်တွေနဲ့ပစ်တယ်ပေါ့။အဲ့အချိန်မှာပဲ သူတို့တွေဘက်က တရစပ်ပစ်ခတ်တော့တာပဲ။”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ပြန်လည်ပစ်ခတ်မှုများကြောင့် တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပျူများအထိခိုက်အကျဆုံးရှိနိုင်ပြီး ဆက်လက်စုံစမ်းနေကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)က အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်)People Revolution Front (Wetlet)၊အမေ့သား(LPDF)၊ မြို့မတိုက်နယ်(ပကဖ)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
