အကြမ်းဖက်စစ်အုပ်စုက လွတ်လပ်ရေးနေ့တွင် အကျဥ်းသား ၇၀၁၂ ဦး ပြန်လည်လွှတ်ပေးသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယင်းအနက် နိုင်ငံရေးအကျဥ်းသားမှာ ၃၀၀ ခန့်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၆ ရက်အထိAAPPကောက်ခံရရှိသောစာရင်းအရအကျဉ်းသားလွှတ်ပေးမှုဖြစ်စဉ်မှပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၂၂၃) ဦးကို မှတ်တမ်းပြုနိုင်သည်၊ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက်ဖော်ပြပေးသွားမည်ဟု AAPP က ဆိုသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကလည်း ယခုသီတင်းပတ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေး အကျဉ်းသားရာနှင့်ချီ လွတ်မြောက်လာသော်လည်း ထပ်မံ အကျဥ်းချခံရသည့်အခြေအနေများရှိကြောင်း ထောက်ပြသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ဇန်နဝါရီ ၄ ရက်တွင်ပင် တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသား ဒေါက်တာ မင်းထက်ပိုင် ပါဝင်ခဲ့သော်လည်း ၎င်းအား အခြားအမှုကပ်ပြီး ထောင်ဘူးဝရှေ့၌ ပြန်လည် ဖမ်းဆီးခံခဲ့ရသည်။
၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဇန်နဝါရီ ၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၂၇၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၉၁၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဟု AAPP က ထုတ်ပြန်သည်။
ထို့အပြင် မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၂) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၆၉၆) ဦး ရှိသည်ဟု AAPP က ဖော်ပြသည်။ထိုကြောင့်ဖမ်းဆီးခံထားရဆဲ နိုင်ကျဥ်းများမှာ တစ်သောင်းဝန်းကျင်ကျန်ရှိနေဆဲဖြစ်သည်။
အဆိုပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်းနှင့် အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည်ဟု AAPP က ထုတ်ပြန်သည်။
OHCHRရဲ့ပြောရေးဆိုခွင့်ရအရာရှိဂျရမီ လောရင့်စ်က”အရေးကြီးတဲ့ အချက်အနေနဲ့ စစ်တပ်အုပ်စိုးမှုကို ဆန့်ကျင်လို့ ဆက်လက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နောက်ထပ် ထောင်နဲ့ချီ များပြားတဲ့သူတွေ လွတ်မြောက်ဖို့ ဆက်လက် တောင်းဆိုရမှာ ဖြစ်တယ်”ဟုဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ သတင်းထောက်များကို ဇန်နဝါရိ ၆ ရက်တွင် ပြောသည်။
