မူဆယ်-ရွှေလီနယ်စပ်ကုန်သွယ်စခန်းကို တရုတ်နိုင်ငံဘက်က ပြည်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်မှ စစ်ကောင်စီက Covid-19အကြောင်းပြချက်ဖြင့် ပိတ်ထားဆဲဖြစ်သည်ဟု နယ်စပ်ကုန်သည်များကပြောသည်။
တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။
“တရုတ်ဘက်က ကိုဗစ်တွေအရမ်းဖြစ်နေတယ်။ မြန်မာဘက်က ကိုဗစ်ကာကွယ်ရေးကော၊အခြားပြင်ဆင်မှုတွေကို မလုပ်ရသေးဘူးဆိုပြီး ဇန်နဝါရီ ၇ ရက်ကတည်းက ဆက်ပိတ်ဖို့ ဆုံးဖြတ်ထားကြတာ”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်နယ်စပ်ဂိတ်သုံးခုကိုဇန်နဝါရီ ၈ ရက်တွင်ဖွင့်လှစ်မည်ဟုတရုတ်သံရုံးကထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အတိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် နှစ်နိုင်ငံသားများသည် ယမန့်နေ့ကတည်းကစောင့်ဆိုင်းခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်ရွှေလီနယ်စပ်ဂိတ်၊တရုတ်-ဗီယက်နမ်နယ်စပ် ဟိုခိုနန်ရှီးမြစ်နယ်စပ်ဂိတ်နှင့် တရုတ် -လာအို နယ်စပ်ရှိ မိုဟန်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု ယနေ့ ထပ်မံထုတ်ပြန်သည်။ ရွှေလီနယ်စပ်ဂိတ်မှဝင်ရောက်မည့် ပြည်သူများသည် ၄၈နာရီအတွင်းစစ်ဆေးထားသည့် ကိုဗစ်-၁၉ရောဂါကင်းရှင်းကြောင်းသာပြရမည်ဟုတရုတ်သံရုံးကထုတ်ပြန်ထားသည်။
ကမ္ဘာ့ ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်များကို ၂၀၂၀ ဧပြီလတွင် လူဝင်လူထွက်ပိတ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇူလှိုင်လတွင် မူဆယ်နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူ၊မန့်ဝိန်းနှင့်နန်းတော်ဂိတ်များကို ပါ တရုတ်နိုင်ငံကပိတ်ထားခဲ့ခြင်းဖြစ်သည်။
