မကွေးတိုင်း ပွင့်ဖြူနှင့် မင်းဘူးတို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် ပါတီဝင်အချို့၊ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် အကြမ်းဖက်ဖမ်းဆီးသွားကြောင်း NLD ပါတီတာ၀န်ရှိသူနှင့် ဒေသခံတို့က ပြောသည်။
မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ပွင့်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းတို့ကို ၎င်းတို့ တိမ်းရှောင်နေသည့် ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာ၌ ဇန်နဝါရီ ၈ ရက် နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးဝင်းဝင်းနှင့်အတူ မိသားစုဝင် ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ဦးထွန်းထွန်း၏ တူဖြစ်သူကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားကြောင်း ပွင့်ဖြူဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲက သူတွေ ဒုက္ခရောက်မှာ စိုးလို့ဆိုပြီး အဖမ်းခံလိုက်တာပါ။ အဲဒီ ခွေးတွေက ဦးထွန်းထွန်းကို ရွာထဲက လမ်းလျှောက်ပြီး PDF က ခွေးဖြစ်ပါတယ်။ ဇော်ဝေစိုးလို့ ခိုင်းလို့ လုပ်ရတာ။ ကျွန်တော်လည်း ခွေးဖြစ်ပါတယ်ဆိုပြီး ဦးထွန်းထွန်းက ရွာထဲမှာ အော်ရတယ်။ စလင်းက ကိုဖိုးကျော်လည်းပါပါတယ်။ ရွာသားတွေကိုလည်း ရိုက်နှက်ပြီး ခေါ်သွားတာ။ ရွာထဲက လူတွေလည်း ပါသင့်သလောက်ပါပါတယ်။ ဖုန်းအလုံးပေါင်း ၇၀ လောက်လည်း ပါသွားပါတယ်” ဟု ဒေသခံကပြောသည်။
ဦးထွန်းထွန်းကို အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဦးထွန်းထွန်းကို မဖမ်းမိ၍ ၎င်း၏ ဇနီးဖြစ်သူကို ဓားစာခံအဖြစ် ၂၀၂၁ ဧပြီ၃၀ ရက်ကတည်းက ဓါးစာခံအဖြစ်ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံ၏ အထိမ်းအမှတ်နေ့များတွင် အကျဥ်းသားထောင်နှင့်ချီ ပြန်လွှတ်ပေးသော်လည်း နိုင်ငံရေးအကျဥ်းသားဦးရေမှာ အနည်းငယ်သာပါဝင်ပြီး လွတ်ငြိမ်းစာရင်းအရ အကျုံးဝင်သူများကိုပင် NLD ပါတီက ဖြစ်၍၊ လူငယ်ဖြစ်၍ ဆိုသည့် အကြောင်းပြချက်များဖြင့် လွှတ်မပေးကြောင်း NLD ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။
“စစ်တပ်က ပြန်လွှတ်တယ်ဆိုတာအယောင်ပြပဲ။ တကယ်တမ်းမှာ ပြန်ဖမ်းတာနဲ့ ထပ်ဖမ်းတာနဲ့။ အခုလည်းကြည့်လေ မင်းဘူးနဲ့ ပွင့်ဖြူ NLD အမတ်တွေ၊ ပါတီဝင်တွေ၊ အရပ်သားတွေကို ရက်ရက်စက်စက် ရိုက်နက်ဖမ်းဆီးသွားတာ။ နောက်ပြီး စစ်တပ်ဟာ လွတ်ငြိမ်းချမ်းသာပေးတယ်လို့ တစ်ဖက်မှာ ပြထားပေမယ့် တစ်ဖက်မှာ အရပ်သားပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်နေတဲ့နှုန်း မြင့်တက်လာနေတယ်။ ဒီအချက်က အင်မတန်စိုးရိမ်စရာကောင်းတယ်လို့ ပြောချင်တယ် “ ဟု အထက်ပါ NLD ပါတီ တာ၀န်ရှိသူက ပြောသည်။
(အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး)
