ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်း (၃၇၀၂)က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၈ရက် နံနက် ၅နာရီခွဲ၌ ကျောက်ကြီးမြို့နယ် နတ်သံကွင်းရွာနှင့် ကျောက်ကြီးလမ်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ၃နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးခဲ့ပြီး KNLAနှင့် ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမရှိကြောင်း ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)က ထုတ်ပြန်သည်။
ဇန်နဝါရီ ၇ရက်ကလည်း ကျောက်ကြီး – နတ်သံကွင်းလမ်း သဲကုန်းရွာနှင့် ညောင်ကုန်း ကြား၌ စစ်ကောင်စီတပ် ယာဉ်တန်းအား တိုက်ခိုက်ရန် ထောင်ထားသည့် မိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းခဲ့ရာ ရှင်းလင်းနေစဉ်ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရခဲ့သည်ဟု ပဲခူးတိုင်း PDFက ထုတ်ပြန်ထားသည်။
