စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီလက်ပါးစေ ရဲနှင့်ပျူစောထီးများအား မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ လေးရက်ဆက် တိုက်ခိုက်နေပြီး စစ်အုပ်စုက ရဟတ်ယာဥ်ဖြင့်ပြန်ပစ်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃) TRIPLE-Rအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ပြောကြားသည်။
ဇန်နဝါရီ ၅ ရက်ကစပြီး ကန့်ဒေါင့် ရဲစခန်းကို မဟာမိတ်တပ်ပေါင်းစုများက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ၆ ရက်တွင်လည်း ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း TRIPLE-Rအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၇ ရက်)ကလည်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာ ရဲစခန်းရှိရဲများသည် အင်မထီးကျေးရွာမှ ပျူများနှင့် ပူးပေါင်းနေစဉ် ယင်းမာပင်ခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃) TRIPLE-R အဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များပူပေါင်း ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ကိုရာမက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၈ ရက်)အထိ ပစ်ခတ်ခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူနှင့်ရဲများ အကျအဆုံးများနိုင်သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ဆိုသည်။
“မနေ့က(ဇန်နဝါရီလ ၇ ရက်) ညနေပိုင်းမှာ စကစဘက်က စခန်းပြုတ်မှာစိုးလို့ Mi-35 နဲ့လာပစ်ပါတယ်ဗျ။ ဒီကနေ့နေ့ခင်းပိုင်းမှာလည်း MI-35 နဲ့တစ်ကြိမ်လာရောက်ပစ်ခတ်ပြန်ပါတယ်။ကျွန်တော်တို့အဖွဲ့ပစ်ခဲ့တာ (၆၀) မမပြောင်းပါ။ ခါးကနေပြတ်သွားလို့ ကျွန်တော်တို့အဖွဲ့က တပ်ခေါက်လာခဲ့ပြီး ကျန်မဟာမိတ်များက ဆက်လက်ပစ်ခတ်နေကြပါတယ်။”ဟု TRIPLE-Rအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ပြောသည်။
“စစ်ကောင်စီက ၂ရက်ဆက်တိုက် ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (စကစ) တပ်သား(၇၀)ဝန်းကျင် တပ်ချသွားတယ်လို့ သိထားရပါတယ်။”ဟု Pale Entertainment က ဖော်ပြသည်။
တိုက်ပွဲဧရိယာဝန်းကျင်ရှိ ကျေးရွာ(၉)မှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
