ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ (ရွှေကျင်)မြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇန်နဝါရီ ၇) နေ့လည် ၁နာရီခွဲအချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဆောထိမြို့နယ်၊ ဘလောခိုကျေးရွာအုပ်စု၊ သစ်ခေါင်းကျေးရွာသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုတွင် ပြည်သူလူထုများ ထိခိုက်မှုမရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။
သစ်ခေါင်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၃၂ လုံး လူဦးရေ ၁၈၀ကျော်သာရှိသည့် ရွာငယ်လေးဖြစ်သည်။

စစ်ကောင်စီတပ်သည် KNU နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။
ဇန်နဝါရီ ၇ရက်ကလည်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ ဒေဘိုးနိုဒေသသို့ တိုက်လေယာဉ်ဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ကားထိခိုက်ပျက်စီးမှုရှိခဲ့သည်။
