▪︎စစ်ရေးတင်းမာနေပြီးအချိန်မရွေးစစ်ဖြစ်နိုင်၍ စစ်ရေးအတွက်အနှောက်အယှက်မဖြစ်အောင်ကန့်သတ်ခြင်းဖြစ်နိုင်ဟုဒေသခံလွှတ်တော်အမတ်သုံးသပ်
ဖားကန့်ဒေသတွင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ မိုင်းခွဲရမည့်အချိန်ကိုကချင်လွတ်လပ်ရေးတပ်မတော်- KIA က ကန့်သတ်ပြီးနောက် လောင်စာဆီသိုလှောင်ခြင်းမပြုကြရန်လည်း ထပ်မံသတိပေးချက်ထုတ်ပြန်သည်။
ဖားကန့်မြို့နယ် ရှဒူဇွပ်ကျေးရွာအနီး ပတ်ဝန်းကျင်တွင် ဆီဆိုင်များအပါအဝင် ဓါတ်ဆီ၊ ဒီဇယ်များသည် ဇန်နဝါရီလ ၁၁ ရက်နောက်ဆုံးထား၍ စက်သုံဆီသိုလောင်ခြင်း မပြုကြရန် KIA အမှတ် (၁၄) တပ်ရင်းက ဇန်နဝါရီလ ၇ ရက်နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။ စက်သုံးဆီသိုလှောင်ထားပါကဆိုင်ပိုင်ရှင်ကိုအရေးယူမည်ဟုလည်းဖော်ပြထားသည်။ မည်သည့်အတွက်ကြောင့် ထိုသို့တားမြစ်ထားသည်ကိုမူဖော်ပြထားခြင်းမရှိပေ။

ဖားကန့်ကျောက်စိမ်း လုပ်ကွက်များတွင် မိုင်းခွဲတူးဖော်ခြင်းကို ည ၁၁ နာရီမှ နံနက်ပိုင်း ၁ နာရီအချိန်အထိသာ ပြုလုပ်ကြရန် အမှတ် (၆) တပ်ရင်းကဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။မိုင်းခွဲရမည့်အချိန်ကိုကန့်သတ်ကြောင်းထုတ်ပြန်ပြီးနောက်တစ်ရက်တွင် စက်သုံးဆီသိုလှောင်ခြင်းမပြုရန်ထုတ်ပြန်ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ဖားကန့်ဒေသ၌စစ်ရေးတင်းမာနေပြီး တိုက်ပွဲများအချိန်မရွေးဖြစ်နိုင်၍ စစ်ရေးအတွက် အနှောက်အယှက်မဖြစ်စေရန် KIA အနေဖြင့် ယခုကဲ့သို့ ကန့်သတ်ချက်များထုတ်ပြန်လာခြင်းဖြစ်သည်ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဟိန်းမင်းက သုံးသပ်သည်။
စစ်ကောင်စီသည် ဖားကန့်ကို ထိန်းချုပ်နိုင်ရေးကြိုးစားနေသော်လည်းလူထုထောက်ခံမှုမရ၍ အချည်းနှီးဖြစ်နေသည်။ လူထုက KIA နှင့် PDF ပူးပေါင်းအဖွဲ့ကိုထောက်ခံပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်နည်းမျိုးစုံပါဝင်ပေးနေကြောင်း ဒေသခံများကပြောသည်။
” လက်နက်မပြည့်စုံလို့ကြာနေတာ။လက်နက်သာအပြည့်အစုံရှိရင် လူထုတော်လှန်ရေးကအောင်နေပြီ” ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။
