စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့်ဆားလင်းကြီးမြို့နယ်မှ ကျေးရွာအချို့ စားဝတ်နေရေးအခက်ကြုံနေသဖြင့် အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေချေးငှား၍ ထောက်ပံပေးနေရကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။
စစ်ကောင်စီတပ်ကဆားလင်းကြီးမြို့နယ်မှတောကျောင်း၊ ဆားထုံး၊ ထန်းဇင်နှင့်လက်ပံကျွန်းကျေးရွာတို့ကိုဒီဇင်ဘာလအတွင်းမီးရှို့ဖျက်ဆီးသွားခဲ့သည်။ မီးရှို့ခံရသော နေအိမ်များမှ မိသားစုဝင်များသည် ယခုအခါ စားရေး၊နေရေးအလွန်ခက်ခဲနေသဖြင့်ဒေသခံတော်လှန်ရေးအင်အားစုဖြစ်သည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံလူငယ်တစ်ဦးကပြောသည်။




“ရွာထဲဝင်လာပြီးCDMအိမ်တွေ၊ဆရာမတွေအိမ်တွေ၊ PDF အိမ်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးဟောင်းအိမ်တွေကိုမေးပြီး မီးရှို့သွားတာ။ သူတို့အတွက် ကူညီနိုင်ဖို့ မဲရောင်းတယ်။ လိုငွေကို အသိတစ်ယောက်ဆီကနေချေးပြီးသွားလှူခဲ့တယ်။ စားအိုးကွဲ(စားနပ်ရိက္ခာပြတ်လပ်သည်ဟုဆိုလိုသည်)နေပြီမို့ သွားလှူခဲ့တာပါ”ဟု အဆိုပါလူငယ်ကပြောသည်။
အထက်ပါကျေးရွာလေးရွာတွင် နေအိမ် ၂၅၀ခန့်မီးလောင်သွားပြီး ချက်ပြုတ်ရန်ပင် အိုးခွက်များမရှိတော့၍များစွာ အခက်ကြုံနေရသည်ဟုသိရသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည်ယနေ့(ဒီဇင်ဘာလ ၂၉ရက်)တွင်နေအိမ် ၁၂၈အိမ်အတွက်တစ်အိမ်ထောင်လျှင်ဒယ်အိုး တစ်လုံး၊ဒန်အိုး တစ်လုံး၊ဇလုံ နှစ်လုံး၊ဇွန်း သုံးချောင်း၊ဆန် နှစ်ပြည်နှင့်ဖလားတစ်လုံးစီ လှူဒါန်းခဲ့သည်။
“ကျွန်တော်တို့မှာပြည်သူမှပြည်သူပဲရှိပါတယ်။အချင်းချင်း ကူညီပေးကြပါ။အခုမီးရှို့ခံလိုက်ရတဲ့ကျေးရွာမှာဆိုရင်အိမ်အသုံးအဆောင်ဘာမှမရလိုက်ပါဘူး။အကုန်မီးထဲပါသွားတာပါ။ပြည်သူမှာလိုအပ်ချက်တွေအများကြီးရှိပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဆားလင်းကြီးဒေသ စစ်ဘေးရှောင်ပြည်သူများကိုထောက်ပံ့ကူညီလိုပါက အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာ https://www.facebook.com/profile.php?id=100087916585581 သို့ဆက်သွယ်နိုင်ပါသည်။
