ကမ္ဘာ့သမိုင်းမှာ အတောက်ပဆုံး ဘောလုံးကြယ်ပွင့်အဖြစ် သတ်မှတ် ခံထားရသူ ဘရာဇီး ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ပီလီဟာ အသက် ၈၂ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ပီလီရဲ့ သမီးဖြစ်သူ ကယ်လီ နက်ဆီမန်တိုက အခုသတင်းဆိုးကို Instagramမှာ ရေးသားပြီး ပရိသတ်တွေဆီ အသိပေးခဲ့ပါတယ်။ မိသားစုဝင်တွေက ဖခင်ဖြစ်သူကို ထာဝရ ချစ်ခင်သွားမှာဖြစ်ပြီး ငြိမ်းချမ်းစွာ အနားယူဖို့ ဆုတောင်းပေးကြောင်း နက်ဆီမန်တိုက ရေးသားထားပါတယ်။
ပီလီဟာ နိုဝင်ဘာ လကုန်ပိုင်းက အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာကြောင့် ဆာအိုပေါ်လိုမြို့က ဆေးရုံတစ်ခုကို တက်ရောက်ခဲ့ရပါတယ်။ နောက်တော့ သူအရင်က ဖြစ်ဖူးတဲ့ အူမကြီး ကင်ဆာရဲ့ ရှုပ်ထွေးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ခံစားလာရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အဲလ်ဘတ် အိုင်းစတိုင်း ဆေးရုံက ပီလီရဲ့ ကျန်းမာရေးဟာ ပိုမိုဆိုးရွားလာနေကြောင်း အတည်ပြုခဲ့ပြီး မိသားစုကလည်း ပီလီအတွက် မျှော်လင့်ချက် မရှိတော့ကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာတော့ ပီလီရဲ့ ကိုယ်တွင်းအင်္ဂါ တချို့ လုပ်ငန်းရပ်ဆိုင်းသွားရာက ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။
ပီလီဆိုတဲ့ နာမည်ဟာ နှစ်ပေါင်း ၆၀ လောက် ကာလအတွင်း ဘောလုံး အားကစားရဲ့ မီးရှူးတန်ဆောင် တစ်ခုလို ထွန်းလင်းခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလား ၄ ကြိမ်မှာ ပါဝင် ကစားခဲ့ဖူးပြီး ကမ္ဘာပေါ်မှာ အဲဒီချန်ပီယံဆုကို ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ ဘရာဇီးအတွက် ၇၇ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးသွင်းအများဆုံး ပူးတွဲ စံချိန်ရှင်အဖြစ်လည်း ရပ်တည်နေပါတယ်။
ပီလီကွယ်လွန်ကြောင်း သတင်းကို ကြားသိတဲ့နောက် ပရိသတ်တွေ၊ ဘောလုံးအားကစားနဲ့ ဆက်နွှယ်သူတွေက ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ပီလီရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တလျှောက်လုံးနီးပါး ဖြတ်သန်းခဲ့တဲ့ ဆန်းတို့စ် အသင်းက ပီလီဟာ အသင်းနဲ့အတူ ထာဝရ ရှိနေမယ်လို့ Instagramမှာ ရေးသားခဲ့ပါတယ်။ ပီလီနဲ့အတူ ဘရာဇီးရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်အဖြစ် ပူးတွဲ ရပ်တည်နေတဲ့ နေမာကလည်း ပီလီဟာ ဘောလုံးကို အနုပညာတစ်ခု၊ ဖျော်ဖြေမှု တစ်ခုဖြစ်အောင် ပြောင်းလဲပေးခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးတဲ့၊ အထူးသဖြင့် လူမည်းတွေအတွက် မျှော်လင့်ချက်တွေ ပေးစွမ်းခဲ့သလို ဘောလုံးဘုရင်ကြီးကြောင့် ဘရာဇီးရဲ့ ဘောလုံးဂုဏ်သိက္ခာ မြင့်တက်ခဲ့ကြောင်း ဂုဏ်ပြုခဲ့ပါတယ်။
လာမယ့် သီတင်းပတ်မှာ ပီလီရဲ့ ရုပ်အလောင်း ထည့်ထားတဲ့ ခေါင်းတလားကို ဆန်းတို့စ် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ကယ်လ်ဒိုင်ရာ ကွင်းကြီးဆီ သယ်ယူပြီး ဘောလုံးကွင်း အလယ်မှာ ထားရှိသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ နာရေး အစီအစဉ် မတိုင်ခင်မှာ ခေါင်းတလားကို ဆန်းတို့စ် မြို့ထဲအနှံ့ လှည့်လည်မှာဖြစ်ပြီး ပီလီရဲ့ အသက် ၁၀၀ အရွယ် မိခင်ကြီး ဆီလက်စတီ အာရန်တက်စ် နေထိုင်ရာ လမ်းကိုပါ ဖြတ်သန်းဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်းမှာတော့ မိသားစုနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေပဲ ပါဝင်တဲ့ သီးသန့် ဈာပန တစ်ခုကို အကျဉ်းချုံး ကျင်းပပြီး ဆန်းတို့စ်က သုဿန်တစ်ခုမှာ ပီလီကို မြှုပ်နှံ သင်္ဂြိုဟ်သွားမယ်လို့ သိရှိရပါတယ်။
