စစ်ကောင်စီတပ်စွဲထားသော ဆားလင်းကြီးမြို့နယ်၊ ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီများ စုဖွဲ့အထိုင်ချထားသော ကျားတက်စခန်းကို ဆားလင်းကြီးနှင့်ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့(အောက်တိုဘာ ၂ရက်)တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခန်းကို သိမ်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ရဲဘော် နှစ်ယောက် အသက်ပေးလှူခဲ့ရတယ်”ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)မှ ရဲဘော်ပိန္နဲစေ့ နှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဝလုံး ဖြစ်သည်။
” ကျားတက်စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်အား သတ္တိပြောင်စွာ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်ပိန္နဲစေ့ နှင့် ရဲဘော်ဝလုံး တို့အား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF) က သတင်းထုတ်ပြန်သည်။
ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သော်လည်း သေဆုံးသူအရေအတွက်ကို မသိရသေးပေ။ စစ်ကောင်စီတပ်သည် ကျားတက်စခန်းကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
