စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် စျေးရောင်းသည့် အမျိုးသမီး လေးဦးကို စစ်ကောင်စီ လက်ပါးစေရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး PDFများအား ထောက်ပံ့ သည်ဟု စွပ်စွဲကာအရေးယူရန်ဆောင်ရွက်နေသည်ဟု အင်းတော်ဒေသခံက ပြောသည်။
“သူတို့က ၂၂ရက်နေ့မှာ ဖမ်းသွားတယ်လို့ပြောတယ်။ ပြောတော့ သူတို့ငွေရေးကြေးရေးပြဿနာ ရဲတိုင်လို့ ဖမ်းသွားတယ်လို့ပဲ ကျွန်တော်တို့ ကြားတာ။ ဒီနေ့ကျမှ သူတို့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ တင်ခဲ့တာ PDF တွေဆိုပြီး သူတို့ စွပ်စွဲချက်နဲ့ပေါ့”ဟု အင်းတော်ဒေသခံက ပြောသည်။
လက်ရှိတွင် စျေးသည်အမျိုးသမီးများကို အင်းတော်ရဲစခန်းရှိ အချုပ်ခန်း၌ ထားရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီး လေးဦးသည် အင်းတော်မြို့ဈေးအတွင်း ကြက်သားရောင်းသည့် နားခါရွာမှ အမျိုးသမီးများဖြစ်ကြောင်း Indaw Revolution က ဖော်ပြထားသည်။
