ပြည်သူလေးဦးသေဆုံးပြီး ၊ခုနှစ်ဦးဒဏ်ရာရခဲ့သည့်ယောဒေသဆောမြို့နယ်အတွင်းစစ်ကောင်စီတပ်၏ ဒီဇင်ဘာ ၂၆ ရက်လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက်နှစ်ဦးသည်ဒဏ်ရာပြင်းထန်၍ အရေးပေါ်အခြေအနေဖြင့် ကုသနေရဆဲဖြစ်ကြောင်းသိရသည်။
“တစ်အိမ်ထဲကနေမိသားစုဝင်သုံးဦးသေဆုံးတယ်။ ခုနှစ်ဦးဒဏ်ရာရပြီး နှစ်ဦးအခြေအနေစိုးရိမ်နေရတယ်။ ဆေးဝါးအခက်အခဲတွေနဲ့မို့ ပိုပြီး ဒုက္ခရောက်ကြရတယ်” ဟု ဆောဒေသပြည်သူ့ကာကွယ်ရေးတပ် (ဆော- PDF )တပ်ရင်း(၂) -YRPAမှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။

ဆောမြို့နယ် နောင်ကန်ရွာနှင့် ကျင်းလုံရွာကို စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာလ ၂၆ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းမှ ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ဗုံးနဲ့ပစ်ချပြီးပြီးချင်းနောက်တစ်ပတ်ပြန်လာပြီးတော်ပီဒိုနဲ့ ပစ်တာ။ အုန်းပင်တောင်ထက်ပိုင်းကျိုးပြီး အိမ်ပေါ်ပိတာ။ အိမ်ထဲမှာနေသူတွေသေဆုံးသွားကြတယ်”ဟုဆော PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကဆက်ပြောသည်။

ဒေသတွင်း စစ်ရေးလှုပ်ရှားမှုမရှိဘဲ ပြည်သူ့လူထုကို ဦးတည်၍ စစ်ကောင်စီ တိုက်ခိုက်ခြင်းဟု ယောဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့The Youth Force (ဆော နှင့်ကျောက်ထု)မှ အရာရှိတစ်ဦးကပြောသည်။
တစ်အိမ်ထဲမှ မိသားစုဝင် သုံးဦးနှင့် နောက်ထပ်အိမ်တစ်အိမ်မှ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ခုနှစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ဆောPDF တပ်ရင်း(၂) -YRPAက ဆိုသည်။ ဒဏ်ရာရသူများကို CDM ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆေးကုသမှုပေးနေသည်။


” သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ ဒဏ်ရာရသူတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။ ဆေးဝါးတွေကကန့်သတ်ခံထားရတာ ၂ နှစ်ရှိပြီ။ ဆေးဝါးလုံလောက်မှုကမရှိဘူး။ အခုလိုကြုံတော့အခြေအနေတွေကပိုဆိုးတယ်”ဟုဆောPDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကဆက်ပြောသည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများအတွက် ပြည်သူများအနေဖြင့် အကူအညီပေးလိုပါက Saw PDF တပ်ရင်း(၂) -YRPA ၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/profile.php?id=100081257361230 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
