▪︎ရာထူးမှဖြုတ်ချရန် တပ်တွင်းဆော်ဩသည့် စီနီယာကို အာဏာသိမ်းခေါင်းဆောင်ဖမ်းဆီး
သမ္မတဟောင်းဦးသိန်းစိန်လက်ထက် လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို စစ်ကောင်စီကဖမ်းဆီးခြင်းသည် ကျားဖြန့်လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရာထူးမှဖြုတ်ချရန် ဆော်ဩမှုကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“စစ်ခေါင်းဆောင်ကပျော့ညံ့တယ်ပေါ့။ သူ့တို့ခေတ်တုန်းကဆို သူပုန်ကို ထုံးလိုချေ ရေလိုနှောက်ထားတာပေါ့။ အခုကတော့ စစ်တပ်သိက္ခာကျလို့ အဲ့ကောင်(မင်းအောင်လှိုင်)ကို အနားပေးလိုက်သင့်ပြီဆိုပြီး တပ်အသိုင်းအဝိုင်းမှာ မူးပြီးသွားပြောတာ” ဟု နေပြည်တော်မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးမြင့်လှိုင်သည် ဧပြီလ ပထမလပတ်အတွင်း ၎င်း၏ မိတ်ဆွေ စစ်တပ်အရာရှိများ၊ အငြိမ်းစားအရာရှိများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ပြီးနောက် ဧပြီလ ၉ရက် နံနက် ၇နာရီတွင် နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဟု စုံစမ်းသိရှိရသည်။

Public Service Announcement
“အပြင်မှာ သတင်းတွေထွက်နေသလို ကျားဖြန့်နဲ့ သိပ်မဆိုင်ဘူး။ သူဝန်ကြီး လုပ်တုန်းက သိမ်းထားတဲ့လယ်တွေ၊ဂရန်ထုတ်ပေးတာတွေနဲ့ အမှုတည်ဆောက်ပြီးအဂတိနဲ့စွဲထားတယ်” ဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။
အခြားရင်းမြစ်တစ်ဦးကလည်း ဦးမြင့်လှိုင်အဖမ်းခံရခြင်းမှာ စစ်ကောင်စီခေါင်ဆောင်ကိုဖြုတ်၍ အာဏာသိမ်းရန်ကြံစည်မှုကြောင့်ဖြစ်ကြောင်း အတည်ပြုသည်။
လတ်တလောစစ်ဆေးမှုများအရ ဦးမြင့်လှိုင်သည် လယ်/ဆည်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က ရန်ကုန်တိုင်းအတွင်း လယ်ဧက၁၀၀၀ ကျော် အား ၎င်း၏သားမက်အမည်ဖြင့် ပိုင်ဆိုင်ထားသည့်ဖြစ်စဉ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်တာဝန်ယူခဲ့စဥ် ဓနု နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ လယ်ယာမြေများကို အုပ်ချုပ်ရေးအဖွဲ့များနှင့်ပေါင်း၍ ဂရံထုတ်ပေးခဲ့သည့် ဖြစ်စဉ်များအတွက် အမှုဖွင့်ထားကြောင့်သိရသည်။
ထိုအပြင်၎င်း၏ နေအိမ်အားချိတ်ပိတ်ထားကြောင်းလည်း သတင်းရရှိသည်။
ဦးမြင့်လှိုင်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်တာဝန်ယူခဲ့သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးပြီး ဒုတိယဗိုလ်ချုပ်ကြီးတာဝန်ကို အသက်အငယ်ဆုံးဖြင့် ရရှိခဲ့သူဟုဆိုကာ တပ်တွင်း၌ သြဇာရှိသူဖြစ်ကြောင်း စစ်တပ်အရာရှိဟောင်းတစ်ဦးကပြောသည်။ စစ်တက္ကသိုလ်အပတ်စဉ်(၁၇) ဆင်းသူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီလက်ရှိဥက္ကဌ ၊ဝန်ကြီးဟောင်းဦးခင်ရီနှင့် အပတ်စဉ်တူသည်။
အာဏာသိမ်းခေါင်းဆောင်သည် စစ်တက္ကသိုလ်အပါတ်စဉ်(၁၉)ဆင်းသူဖြစ်၍ ဝန်ကြီးဟောင်းဦးမြင့်လှိုင်က မင်းအောင်လှိုင်ထက် အပါတ်စဥ် ၂ ခုစီနီယာပိုကြသူဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင်အား ရာထူးမှာဖြုတ်ချရန် ၎င်းပြောကြားခဲ့သည်များကို ကြံ့ခိုင်ရေးပါတီဥက္ကဌဦးခင်ရီက စစ်ခေါင်းဆောင်သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဟုလည်း စစ်တပ်အသိုင်းအဝိုင်းကပြောဆိုနေကြသည်။
” ဗိုလ်ချုပ်မှူးကြီးက ကျန်တာရတယ်။ သူ့အာဏာကိုထိပါးလို့တော့ မရဘူး။ ဝန်ကြီးဦးမြင့်လှိုင်ကိုလည်း ပုဒ်မမျိုးစုံတပ်ပြီးတော့ ထောင်ထဲကိုထည့်မှာ” ဝန်ကြီးဟောင်းဦးမြင့်လှိုင်၏ တပည့်ဖြစ်ပြီး၊ ယခုအခါ လယ်ဆည်ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်နေသည့်အရာရှိတစ်ဦးကပြောသည်။
စစ်ကောင်စီခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် နာမည်အမျိုးမျိုးဖြင့်ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့တွင် စစ်တပ်မှအရာရှိဟောင်းများ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ၎င်းမလိုလားပါက ဖြုတ်ထုတ်သတ်လုပ်လေ့ရှိသူဖြစ်လည်းဖြစ်သည်။
အမြင်သာဆုံးမှာ ၎င်း၏တပည့်ရင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ခန့်အပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကိုလည်းကောင်း ၊ အာဏာအတူသိမ်းခဲ့သည့် ၎င်း၏လူရင်း ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ကိုလည်း အဂတိမှုခေါင်းစဉ်ဖြင့်ဖမ်းဆီးပြီး ထောင်ထဲထည့်ထားသည်။ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည်ထောင်တစ်သက် တစ်ကျွန်းကျခံနေရခြင်းဖြစ်သည်။
ထို့အပြင် တရုတ်ကိုကြောက်၍ ကျားဖြန့်လောင်းကစားနှင့်ပတ်သက်၍ တရုတ်ကအလိုရှိနေသည့် ၎င်း၏ သစ္စာခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် မိသားစုကို ဖမ်းဆီးပြီးတရုတ်လက်ထဲသို့ အပ်ခဲ့သူဖြစ်သည်။
ထိုလုပ်ရပ်များကြောင့် အာဏာသိမ်းခေါင်းဆောင်မှာ အာဏာနှင့်အကျိုးစီးပွားအတွက်လုပ်ဖော်ကိုင်ဖက်နှင့် လက်အောက်ငယ်သားများပင်မညှာဘဲ ဇာတ်တူသားစားသူဟု စစ်ကောင်စီအသိုင်းအဝိုင်းနှင့်တပ်အသိုင်းအဝိုင်း၌ နာမည်ကြီးခဲ့သည်။ယခုအကြိမ်တွင်လည်း အာဏာသိမ်းခေါင်းဆောင်ကို ရာထူးမှဖယ်ရှားရန်ဆော်သြသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနှင့် ဝန်ကြီးဟောင်းဦးမြင့်လှိုင်၏ စကားက အရှိုက်ထိသွားစေခဲ့သည်ဟု နေပြည်တော်သတင်းရင်းမြစ်ကဆိုသည်။
တော်လှန်ရေးအင်အားစုများနှင့်တိုက်ခိုက်နေသည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအဖမ်းခံရခြင်း၊ အိမ်နီချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံရခြင်း၊ နေပြည်တော်အထိ တိုက်ခိုက်ခံရခြင်းများက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် အငြိမ်းစားအရာရှိများကြား၌ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ထိုနောက် အာဏာသိမ်းခေါင်းဆောင်အပေါ် ဝေဖန်ပြစ်တင်သံများ ပုန်းရှိုးကွယ်ရှိုးထွက်ပေါ်လာနေသည်။
” သူ့(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ကြောင့် ငါတို့ အကုန်ဒုက္ခရောက်တော့မယ်လို့ ဦးမြင့်လှိုင်က မူးပြီး ပြောချပစ်တာ” ဟု နေပြည်တော်သတင်းမြစ်ကဆိုပါသည်။
ယခုအဖြစ်အပျက်များမတိုင်ခင် ဧပြီ ၄ရက် ၂ ရက်တွင် PDF များက နေပြည်တော်ရှိ စစ်ထောက်ချုပ်ရုံး ၊ အေလာလေတပ်နှင့် အာဏာသိမ်းခေါင်းဆောင်အိမ်တို့ကို ကာမီကာဇေ အသေခံဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သည်။စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်မှုကိုအတည်ပြုသော်လည်းထိခိုက်ပျက်စီးမှုမရှိဟုငြင်းဆိုသည်။တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်မှုတွင်သေဆုံးထိခိုက်မှုရှိကြောင်းပြောသည်။ထိုအပြင် နေပြည်တော်တိုက်ခိုက်မှုဖြစ်ပြီး၈ ရက် အကြာဧပြီ ၁၂ ရက်တွင် အေလာလေတပ်ကိုပင် ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခံရပြန်သည်။ ထိုတိုက်ခိုက်မှုတွငိ လေတပ်အရာရှိ ၅ ဦးအပါအဝင် ၁၇ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ၊ ဖိုက်တာလေယဥ်နှစ်စီးနှင့်အဆိပ်ငွေ့ ဗုံးသိုလှောင်နေရာနှစ်ခုမီးလောင်ပျက်စီးခဲ့ကြောင်းတိုက်ခိုက်ခဲ့သည့် Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူက လူထုနွေဦးကိုပြောသည်။
နေပြည်တော်ကိုဗဟိုပြုသောတိုက်ခိုက်မှုများခပ်စိပ်စိပ်ဖြစ်ပွားပြီးနောက် စစ်အုပ်စုကြားအကွဲအပြဲဇာတ်လမ်းများထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
လတ်တလောအတည်မပြုနိုင်သေးသောသတင်းများအရဦးမြင့်လှိုင်နှင့် ဆက်စပ်ပြီး စစ်တပ်အငြိမ်းစား၊ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင် ဘူးလက်လှဆွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည်။ ဘူးလက်လှဆွေသည် ဝန်ကြီးဟောင်းဦးမြင့်လှိုင်နှင့် ပုဂ္ဂိုလ်ရေးအလွန်ရင်းနှီးသူဖြစ်သည်။ ယနေ့ (ဧပြီ ၁၂) ရက်တွင် နေပြည်တော်ရှိ ဘူးလက်လှဆွေ၏ အိမ်ကို စစ်ကောင်စီက စီးနင်းခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီး People’s Spring ကအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပါသည်။
သမ္မတဟောင်းဦးသိန်းစိန်လက်ထက် ဧရာဝတီတိုင်းတွင် တောင်သူလယ်သမားများနှင့် တွေ့ဆုံစဉ်လယ်သမားများအနေဖြင့် အစိုးရ၏ချေးငွေပြန်ဆပ်ရန်အတွက် ထမင်းတစ်နပ်လျှော့စားရန် ပြောကြားခဲ့၍ ထမင်းတစ်နှပ်စားဝန်ကြီးဦးမြင့်လှိုင်မှာ စစ်တပ်ထောက်ခံသူများနှင့် စစ်ဗိုလ်ချုပ်များကြားတွင် မင်းအောင်လှိုင်ကို သဘောမကျကြောင်းပြောကြားသည့် ပထမဆုံးပုဂ္ဂိုလ်တော့မဟုတ်ပါ။
၂၀၂၄ ဇန်နဝါရီ ၁၇ တွင်ပြည်ဦးလွင်မြို့တွင် ပြုလုပ်သော စစ်တပ်ထောက်ခံပွဲတွင် ဘာသာရေးအစွန်းရောက်လည်းဖြစ် ၊စစ်တပ်ထောက်ခံသူ သက်န်းဝတ် ပေါက်ကိုယ်တော်က မင်းအောင်လှိုင်ကို တပ်ချုပ်မှ အနားယူပြီး ဝန်ကြီးချုပ်သာလုပ်ရန် စင်ပေါ်မှဟောပြောခဲ့သည်။ထိုသို့ပြောကြားပြီးနောက် စစ်ကောင်စီက ခေါ်ဆောင်စစ်ဆေးခဲ့သော်လည်း ပေါက်ကိုယ်တော်ကိုထောင်ချခဲ့ခြင်းမရှိပေ။ထိုစဥ်က ညီနောင်မဟာမိတ် ၃ ဖွဲ့ထိုးစစ်ကြောင့် ရှမ်းမြောက်တွင် စစ်အုပ်စုရှုံးပွဲဆက်နေချိန်တွင်စစ်တပ်ထောက်ခံပွဲလုပ်ခဲ့ခြင်းဖြစ်သည်။
ပေါက်ကိုယ်တော်က မင်းအောင်လှိုင်အနားယူပြီး ဒုတပ်ချုပ် စိုးဝင်းက တပ်ချုပ်ရာထူးယူရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ယခုအခါဒုတပ်ချုပ်မှာလည်း မော်လမြိုင်တွင်အစည်းအဝေးလုပ်နေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်းတိုက်ခိုက်ခဲ့သောအဖွဲ့များကကြေညာသည်။ဧပြီလ ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် မော်လမြိုင်ရှိ အရှေ့တောင်တျုင်းစစ်ဌာနချုပ် (ရတခ )အတွင်း စစ်ဆင်ရေးအထူးအစည်းအဝေးလုပ်နေစဥ် SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းများဖြင့် ၂ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဒုချုပ်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ALpha Bats ကအသိပေးထားသည်။ ဒဏ်ရာမှပြင်းထန်း၍ နေပြည်တော်မှရန်ကုန်ရှိ စစ်တပ်ပိုင် ကန်သာယာဆေးရုံသို့ပြောင်းရွေ့ကုသနေကြောင်းသတင်းထွက်ပေါ်နေသည်။ထိုသတင်းကိုအတည်မပြုနိုင် သေးသော်လည်း စစ်ကောင်စီမီဒီယာများပေါ်တွင်ဒုချုပ်ပျောက်နေသည်မှာ တစ်ပါတ်နီးပါးရှိပြီဖြစ်၏။
ယနေ့ညနေ ထပ်မံရရှိသောနောက်ဆက်တွဲသတင်းအရ အာဏာသိမ်းရန်ကြံစည်မှုတွင် မြင်လှိုင်သာမက ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး နှင့် ကြံ့ဖွံ့ပါတီထိပ်ပိုင်းမှ သဘောထားတင်းမာသူအချို့ကိုပါစစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေပြီး နေပြည်တော်တွင် ကိုယ့်အုပ်စု ၊သူ့အုပ်စုဘက်ခွဲကာအက်ကြောင်းကြီးကာဂယက်ထနေ ကြောင်း နေပြည်တော်မှသတင်းရင်းမြစ်အချို့ကပြောသည်။ သတင်းကို အတည်ပြုရန် People’s Spring ကဆက်လက် စုံစမ်းနေဆဲဖြစ်ပါသည်။
လတ်တလော ဒုချုပ်ဒရုန်းထိသောသတင်း ၊မြဝတီတိုက်ပွဲနှင့် စစ်အုပ်စုတွင်းအာဏာသိမ်းရန်ကြံစည်မှု သတင်းများထွက်လာချိန်တွင် စစ်ကောင်စီက အောင်လ၏ အညှိအဟောက် အသံဖိုင်တစ်ခုကို လိုင်းပေါ်တင်၍ ပြည်သူများကို အာရုံလွှဲခဲ့ကြောင်း နိုင်ငံရေးသတင်းများစောင့်ဖတ်နေသောပြည်သူတစ်ဦးကလည်းပြောသည်။ ထိုအသံဖိုင်အကြောင်းကို အနုပညာသတင်းများ၊အညှိအဟောက်သတငိးများအသားပေး ဖော်ပြသည့် အနုပညာအမည်ခံ ဒစ်ဂျစ်တယ်ရုပ်သံမီဒီယာအချို့က အကျယ်တဝင့်ဖော်ပြကာစစ်ကောင်စီကိုကူညီနေကြောင်း၎င်းကဆက်ပြောသည်။
နေပြည်တော်တွင် ပြည်သူမသိစေလိုသောပြသာနာများဖြစ်ပွားနေပြီးစစ်ကောင်စီက သတင်းကိုဖုန်းအုပ်ရန်ကြိုးစားနေကြောင်းသတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။
နိုင်ငံရေးကိုစိတ်ဝင်စားပြီးတော်လှန်ရေးတွင်ပါဝင်ကူညီနေသော ပြည်သူတစ်ဦးကလည်း”ဒီဖက်ကသာ(တော်လှန်ရေးအင်အားစုများဘက်) အချင်းချင်းငြိတာနဲ့အကုန်သိတာ။
ဟိုကောင်တွေ (စစ်အုပ်စု)ကအကုန်ဖုံးတာ”ဟုမှတ်ချက်ပြုသည်။ ။
