နေ့သစ် /People’s Spring
ကောင်းကင်ယံမှ တိုက်လေယာဥ်သံနှင့်အတူ စက္ကန့်ပိုင်းမျှခြားကာ ‘အုန်း’ကနဲ မြည်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည််။ တဆက်တည်းတွင် မီးခိုးလုံးကြီးက ပေ ၃၀ ခန့်အထိ မြင့်တက်သွားသည်။ စစ်ကောင်စီဂျက််ဖိုက်တာက မြဝတီမြို့အဝင် ခလရ ၂၇၅ ထဲသို့ ပေါင် ၅၀၀ ဗုံးကြဲချခြင်းပင်။ ဗုံးပြင်းအားက ပေ ၁၀၀၀ ခန့်အထိ ရိုက်ခတ်မှုရှိကာ အရာဝတ္ထုများ ပြန့်ကြဲလွင့်ဖွာထွက်လာသည်။
ထိုဖြစ်ရပ်ကို People’s Spring သတင်းထောက်က ယနေ့(ဧပြီ ၁၁ရက်) မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။ ကရင်ပြည်နယ် မြဝတီမြို့မှ စစ်ကောင်စီ၏ မြို့စောင့်တပ် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် စစ်ကောင်စီ၏ တိုက်လေယာဥ်က ယင်းတပ်စခန်းအတွင်း ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ခြင်းလည်းဖြစ်သည်။ စခန်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိမည်အထင်နှင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သော်လည်း ထိုအချိန်တွင် စခန်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ မရှိတော့ပေ။

“ဒီနေ့အတွက် ဒါက ပထမဆုံးဗုံးပဲ။သူတို့(စစ်ကောင်စီ)တပ်ဖွဲ့ဝင်တွေမရှိတော့ လာကြဲတာပေါ့။ ကြည့်ရတာ သူတို့လည်း အရှက်ပြေထင်ပါတယ်” ဟု မြဝတီမြို့ခံက ရှင်းပြသည်။

Public Service Announcement
ဧပြီ ၉ ရက်ညနှင့် ဧပြီ ၁၀ ရက် တစ်နေကုန်နီးပါး ခလရ ၂၇၅ အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုကာ တုန့်ပြန်ခဲ့သည်။ သို့သော် ဧပြီ ၁၀ ရက်ည ၁၀ နာရီခန့်တွင် ယင်းစခန်းမှ တပ်မ ၄၄ တပ်မမှူး ဗိိုလ်မှူးချုပ်စိိိုးမင်းထက် ဦိးဆောင်သည့် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် အင်အား ၂၀၀ ခန့်မှာ မြဝတီ-မဲဆောက်ကို ဆက်သွယ်ထားသည့် အမှတ်(၂)ချစ််ကြည်ရေးတံတားဂိတ်သို့လက်နက်များနှင့်အတူ ဆုတ်ခွာထွက်ပြေးသွားသည်။
“သိက္ခာဆယ်ပြီး ဆုတ်တာပေါ့။ မဟုတ်ရင် ရေရှည် ဘယ်တောင့်ခံနိုင်မလဲ” ဟု မြဝတီမြို့လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူက သုံးသပ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(K.N.D.O)နှင့် PDFတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ခလရ−၂၇၅ တပ်စခန်းကို ဧပြီ ၈ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ယင်းမတိုင်မီက လက်နက်ချရန် ညှိနှိုင်းခဲ့သည်။ သို့သော် ညှိနှိုင်းမှုကို လက်မခံသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေး ပူးပေါင်းတပ်များက မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာကို ဧပြီလဆန်းတွင် သိမ်းပိုက်ခဲ့သည်။ ဧပြီ ၆ ရက်တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၆၁၇ဦး ထက်မနည်း လက်နက်ချခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ၊ ကျည်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်။ တစ်ခုတည်းကျန်ရှိသော မြဝတီမြို့အဝင် ခလရ ၂၇၅ မှာလည်း စခန်းစွန့်ထွက််ပြေးသွား၍ မြဝတီမြို့မှာ ဧပြီ၁၁ ရက်မှစတင်ကာ စစ််ကောင််စီတပ်ကင်းစင်သောမြို့ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်ကတည်းက မြဝတီမြို့ပေါ်တွင် စစ်ကောင်စီ၏ ယန္တရားများ ရပ်တန့်ခဲ့ပြီး မြို့လယ်ရှိ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ ပိတ်ထားကာ စစ် ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များမှာ အရပ်ဝတ်ဖြင့်သာ ရုံးအတွင်း နေထိုင်နေရသည်ဟု မြို့ခံများက ပြောသည်။
ယနေ့မြဝတီမြို့ပေါ်သို့ People’s Spring သတင်းထောက်က လှည့်လည်ကြည့်ရှုရာတွင် လမ်းတစ်ဖက်ပိတ်ကာ သဲအိတ်အထပ်ထပ်ဖြင့် လုံခြုံရေးပြင်ဆင်ထားသော အဆိုပါ ရဲစခန်း၊ ထွေအုပ်ရုံးများမှာ လူမရှိတော့ဘဲ ရုံးပိတ်ထားသည်ကို တွေ့ရသည်။
“အရာရှိပိုင်းတွေကတော့ မြို့မှာ မရှိတော့ဘူးကြားတယ်။ တချို့တော့ အထဲမှာ ရှိဦးမှာပေါ့။ အနောက််ပေါက်ကများအဝင်အထွက်လုပ်သလားပဲ။ အရှေ့တော့ ထွက်မလာရဲတော့ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
သင်္ဃန်းညီနောင်ဗျူဟာမှူးအပါအဝင် လူဦးရေ ၆၀၀ ကျော် လက်နက်ချအညံ့ခံပြီးနောက် ဧပြီ ၇ ရက်ညပိုင်းတွင် စစ်ကောင်စီက ထိုင်းအစိုးရ၏ ကူညီမှုဖြင့် မဲဆောက််မြို့မှတဆင့် မြဝတီမြို့ရှိ စစ်ကောင်စီတပ်ပိုင်ဘဏ်မှ ပိုက််ဆံများကို လေယာဥ်ဖြင့် သယ်ဆောင်သွားခဲ့သည်။ အဆိုပါ လေယာဥ်ဖြင့်သယ်ဆောင်မှုတွင် စစ်ကောင်စီ၏ အရာရှိပိုင်းဝန်ထမ်းများ လိုက်ပါသွားသည််ဟု မြို့ခံများက ယူဆနေကြသည်။
ယင်းနောက်ပိုင်းတွင် နယ်စပ်ကုန်သွယ်ရေးမြို့တော် မြဝတီမြို့ရှိ ပုဂ္ဂလိကဘဏ်များမှာ ပိတ်သွားခဲ့ပြီး ငွေကြေးဖလှယ်မှုမှာ အွန်လိုင်းစနစ်ဖြင့်သာ လည်ပတ်နေသည်။ ဧပြီ ၁၁ ရက်မြို့ကို လှည့်ပတ်ကြည့်ရှုရာတွင်လည်း မြို့မစျေးဟုခေါ်ဆိုနိုင်သည့် ဘုရင့်နောင်စျေးမှာ ပုံမှန်အတိုင်း စည်းကားလည်ပတ်နေေသော်လည်း မြဝတီဘဏ်အပါအဝင် ပုဂ္ဂလိက ဘဏ်အားလုံးမှာ ပိတ်ထားသည်ကိုတွေ့ရသည်။
“မနေ့က(ဧပြီ ၁၀ရက်)တော့ တိုက်ပွဲကြောင့် အခုထက် လူနည်းနည်းပါးတယ်။ ဒါပေမဲ့လည်း မြို့ထဲ တိုက်ပွဲဖြစ်တာမဟုတ်တော့ လုပ်စရာရှိတာ လုပ်နေရတာပဲ”ဟု ဘုရင့်နောင်စျေးအနီးရှိ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။
ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီမြို့ခံ ရာနှင့်ချီ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဘေးကြောင့် တိမ်းရှောင်ကြသူများမှာ ၎င်းတို့၏ နေအိမ်များကို သော့ခတ်၍သာ ထားခဲ့ရသဖြင့် လက်ရှိတွင် မြဝတီိမြို့ပေါ် ရပ်ကွက်အချို့တွင် သူခိုးများသောင်းကျန်းနေသည်။ ပြည်သူလူထုလုံခြုံရေး၊ သူခိုးများမသောင်းကျန်းနိိုင်ရေးအတွက် နယ်ခြားစောင့်တပ်(BGF)က ကင်းလှည့်လုံခြုံရေး ယူပေးနေသည်ဟု အမှတ်(၁)အထူးလုံခြုံရေးတပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က လူထုနွေဦးသို့ပြောသည်။
“မြို့လုံခြုံရေးကိုပဲ အဓိကထား လုပ်ဆောင်နေတယ်” ဟု ၎င်းက ဆိုသည်။ နယ်ခြားစောင့်တပ်(BGF)သည် ၂၀၂၄ ဇန်နဝါရီမှစ၍ အာဏာသိမ်းစစ်တပ်ထံမှ လစာနှင့်ထောက်ပံ့မှု မယူတော့ဘဲ သီးခြားရပ်တည်ကြောင်းကြေညာထားခဲ့ပြီး BGF အမည်မှ ကရင်အမျိုးသားတပ်(Karen National Army-KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဟုမီဒီယာများသို့ဖြေကြားထားသည်။
အရေးပါသော နယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ကို ထပ်မံလက်လွှတ်ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် မြဝတီမြို့ကိုလက်ရှိတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမှလွဲ၍ မစွမ်းသာတော့ပေ။
စစ်ကောင်စီအတွက် နိုင်ငံမြောက်ပိုင်းတွင်နယ်စပ်ကုန်သွယ်ရေးစခန်းရှိသော လွယ်ဂျယ်မြို့ကို KIA ထံလက်လွှတ်ဆုံးရှုံးရပြီး ရက်ပိုင်းအတွင်း မြဝတီမြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များထံလက်လွှတ်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းကိုလည်းAA က သိမ်းပိုက်ထားပြီး ရှမ်းမြောက် မြို့အများစုကို ညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက်ထား၍ မူဆယ်နယ်စပ်ကုန်သွယ်ရေးရပ်နားနေသည်။ထို့အပြင်ချင်းရွှေဟောနယ်စပ်ကုန်သွယ်ရေးစခန်းကို MNDAA ၊ ချင်းပြည်နယ်တွင် အိန္ဒိယနှင့်ကုန်သွယ်သော ရိဒ်ခေါ်ဒါရ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းကို CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်၊ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းရှိသောပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် -AA တို့က အသီသီးသိမ်းပိုက်ထားသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကမြို့ဖြစ်သော မြဝတီမြို့ တိုက်ပွဲသတင်းများကို ထိုင်းသတင်းဌာနများက စိတ်ဝင်တစားဖြင့်အနီးကပ်စောင့်ကြည့် သတင်းရယူဖော်ပြကြသည်ကိုလည်းတွေ့ရသည်။ မြဝတီသည် ကုန်သွယ်ရေးအတွက်သာမက နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ၊နိုင်ငံချင်းချိတ်ဆက်သောမဟာဗျူဟာလမ်းမကြီးများပေါ်တွင်ရှိ တည်ရှိ၍အလွန်အရေးပါသောမြို့ဖြစ်၏ ။
စစ်ကောင်စီတပ် ကင်းစင်သွားသည့်အခြေအနေအပေါ် မြို့ခံတစ်ဦးက “စစ်တပ်လာမတိုက်ရင် ဘာမှမဖြစ်ဘူး။ မြို့က ကောင်းသွားမှာ။ အခုက မြဝတီမြို့ခံတွေ အထိတ်တလန့်မဖြစ်အောင်၊ မြို့ မဆုံးရှုံးအောင်၊ ပြဿနာမဖြစ်လာအောင်လုပ်ထားတဲ့သဘောပဲ” ဟုသူ့အမြင်ကိုပြောသည်။
လက်ရှိ မြဝတီမြို့ကို BGF(KNA), KNLA(PC)နှင့် DKBA တို့က ပူးပေါင်းလုံခြုံရေးယူထားပြီး မြို့ပေါ် ကင်းလှည့်နေမှုများလည်း မြင်တွေ့ရသည်။
“လက်နက်ကိုင်ပြီး သွားနေတာက သုံးဖွဲ့ပဲ။ အများဆုံးစိုးမိုးထားတာတော့ KNA က စိုးမိုးထားတာဒါမဲ့ KNLA နဲ့ PDF လည်း ဘတ်တံဆိပ်ခွါပြီး သွားလာနေနိုင်တာပေါ့” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအခြေအနေအပေါ် မြို့ခံတစ်ဦးက “လေကြောင်းအန္တရာယ်ပဲ ကြောက်ရတယ်။ မြဝတီမြို့ခံတွေက အကျင့်ဖြစ်နေပြီ။ ကျည်ကျမှ လန့်ကြ၊ ပြေးကြပဲ။ မဟုတ်ရင်လည်း ဘာမှ လုပ်စားမရဘူးလေ” ဟု ပြောပါသည်။
အထက်ပါဒေသခံပြောကြားမှုကို ဧပြီ ၁၁ ရက် မြဝတီမြို့၁ ဂိတ်ရှိ ညနေခင်းမြင်ကွင်းက သက်သေခံနေသည်။ မြဝတီမြို့စွန်ဘက်အထွက် ၁ ဂိတ်ဆိုသော အရပ်တွင် လူသွားလူလာရှုပ်ယှက်ခပ်နေရုံသာမက ယာဥ်ပေါင်းစုံ၊ယာဥ်ကြီး၊ ယာဥ်ငယ်အသွယ်သွယ်မှာ ဟွန်းသံတပွမ်ပွမ်ဖြင့် ဆူညံနေလေသည်။
“ပွဲပြီးသွားပြီ။ (စစ်ကောင်စီ)ဘာမှမရှိတော့ဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က မှတ်ချက်ပြုပါသည်။ ။
