ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ပထမပတ်အတွင်း စစ်ကောင်စီတပ်စခန်း ၂၀ ခုထက်မနည်းကိုထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။
မေလ ၄ရက်မှစ၍ KIAသည် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ရာ မေလ ၅ရက်နှင့် ၆ရက်နေ့များ၌ ဆမား၊ ကဂမ်၊ ဂိဒွန် အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ခုကျော် သိမ်းပိုက်ရှိခဲ့ပြီး ကဂမ်တောင် စခန်းသိမ်းတိုက်ပွဲ၌ ဟောင်ဝစ်ဇာအမြောက် ကိုသိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ဓာတ်ပုံမှတ်တမ်းနှင့်အတူ အသိပေးသည်။ ယင်းစခန်းသိမ်းတိုက်ပွဲအပြီး KIA ရဲဘော်က ဟောင်ဝစ်ဇာအမြောက်အနီး အောင်ပွဲခံနေမှုကိုတွေ့ရသည်။
မေလ ၅ရက်နေ့၌ပင် KIAသည် ကာလရှည်ကြာ ထိုးစစ်ဆင်နေသည့် ဆွမ်ပရာဘွမ် မြို့တွင်နောက်ဆုံးကျန်သော ပမှတ် ၄၆ လြေလျင်တပ်ရင်း (ခလရ ၄၆)စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီး ဆွမ်ပရာဘွမ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။

Public Service Announcement
မေလ ၅ရက်က ဆင်နွှဲခဲ့သည့် ဆွမ်ပရာဘွမ် စခန်းသိမ်းတိုက်ပွဲရုပ်သံကိုလည်း စစ်ရေးသတင်းရင်းမြစ်က ဖော်ပြခဲ့ရာ KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်နေမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု တို့ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။
“ လက်နက်ချလိုက်ဟေ့။ ငါ…မင်းတို့မှာလည်း မိသားစုရှိတယ်လေ” ၊ “ မင်းတို့ ၄၆ တပ်ရင်းမှူး …လို့ ခေါင်းမာတာလား”ဟု KIA ရဲဘော်အချို့က စစ်ကောင်စီတပ်သားများအား လက်နက်ချရန် သတိပေးပြောကြားနေသံကိုလည်း ကြားရသည်။ ရုပ်သံတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများစွာကိုလည်း ကြားနေရသည်။ရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန် https://t.me/PeopleSpring/42093 တွင်ကြည့်ရှုနိုင်ပါသည်။
ဆွမ်ပရာဘွမ်၌ နောက်ဆုံးကျန်နေသည့် ခလရ(၄၆) စစ်ကောင်စီ ဗျူဟာကုန်းကို မတ်လ ၁၃ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူ အကြိမ်ပေါင်းများစွာအသုံးပြု ခုခံခဲ့သောကြောင့် ရက်ပေါင်း ၅၄ရက်အကြာတွင် KIAက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မေလဆန်း ၄ရက်တွင်ထိုးစစ်ဆင်ခဲ့သည့် ဂိဒွန်၊ ဆမား၊ ကဂမ် အပါအဝင် ဝိုင်းမော်ရှိ စစ်ကောင်စီ တပ်စခန်းများကို ရက်ပိုင်းအတွင်း KIAက သိမ်းယူနိုင်ခဲ့သည်။ မံစီရဲစခန်း၊ မိုးမောက်ရဲစခန်း၊ ဗန်းမော် မြို့နယ် စင်းခန်း ဧရာ၀တီမြစ်ကူးတံတား စစ်စခန်း အပါအဝင် တပ်စခန်း၈ခုကို မေလ ၇ရက်တွင် KIA ထပ်မံသိမ်းပိုက်ခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။စစ်ကောင်စီတပ်သေဆုံးထိခိုက်၊ တော်လှန်ရေးရဲဘော်ကျဆုံးထိခိုက်၊လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အသေးစိတ်အတိအကျကို KIA ကသတင်းထုတ်ပြန်လေ့မရှိပေ။
KIAသည် မတ်လ ၇ရက်မှစ၍ထိုးစစ် အရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ နှစ်လအတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ် အများအပြား၊ ဗျူဟားကုန်းများနှင့် တပ်စခန်းအများအပြား သိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း တပ်စခန်းကြီးငယ် ၉၀ ကျော် ရရှိထားပြီးဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
