ဒီးဒီ/People’s Spring
သေနတ်များကိုင် ၍ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော လူငယ်များက ကားများ၊ ဆိုင်ကယ်များဖြင့် လမ်းမများထက်တွင် ကူးလူးသွားလာနေသည်။

Public Service Announcement
Double Cap ကားအများဆုံးအသုံးပြုထားသည်ကိုတွေ့ရပြီး အချို့ကားများမှာ အရေးကြီးဟန်တူသည် အရှိန်ဖြင့်မောင်းနှင်သည်။ အချို့ကားများမှာ ပုံမှန်အတိုင်းသာ မောင်းနှင်သွားလာနေပါသည်။ ဝတ်ဆင်ထားသည့်ပြောက်ကျားဝတ်စုံများမှာ ဆင်တူပုံစံရှိသော်လည်း သေချာကြည့်ပါက မတူညီပေ။ သိသာထင်ရှားသည်က အင်္ကျီလက်မောင်းနှင့် ရင်ဘတ်တို့တွင် တပ်ဆင်ထားသော အမှတ်တံဆိပ်များပင်။ တပ်ရင်း၊ စစ်ကြောင်းအလိုက် အမှတ်တံဆိပ်များ တပ်ဆင်ထားခြင်း ဖြစ်ပါသည်။
အချို့မှာ ရှေ့တန်းစစ်မြေပြင်တနေရာမှ ဌာနေတပ်စခန်းနောက်တန်းသို့ ပြန်လာကြသည်။ အချို့မှာ ရှေ့တန်းစစ်မြေပြင်သို့ သွားရောက်ကြသည်။ အချို့မှာလည်း စခန်းအတွက် လိုအပ်သည်များကို လိုက်လံဝယ်ယူနေကြသည်။
ကော့ကရိတ်မြို့နယ်ကို ရောက်ရှိသည်နှင့်မြင်ရမည့်မြင်ကွင်းမှာ အထက်ပါမြင်ကွင်းပင် ဖြစ်ပါသည်။ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲဘော်များ ကော့ကရိတ်မြို့နယ်အတွင်း လှုပ်ရှား သွားလာနေခြင်းပင်။
ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများတွင်မူအရပ်သားပြည်သူများမှာ ပုံမှန်အတိုင်းသွားလာနေကြပါသည်။ ထူးခြားချက်မှာ ကော့ကရိတ်မြို့နယ်တွင် မြို့ပေါ်ရှိ နေရာကွက်ကွက်တစ်နေရာမှ အပ ကျန်နေရာများတွင် စစ်ကောင်စီတပ်မရှိတော့ပါ ။ တစ်မြို့နယ်လုံးနီးပါးမှာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဟု ရဲဘော်များက ဆိုပါသည်။

Public Service Announcement

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများမှာ PDF စစ်ကြောင်းများ၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးရပြီး မြို့တွင်းရှိ အမှတ်(၉၇)ခြေလျင် တပ်ရင်းဌာနချုပ်နေရာ၌သာ အားလုံးစုဝေးနေကြသည်။
ကော့ကရိတ်ရှိ ကော့ဘိန်း (ကအ်ဗိန်)ရွာ ရဲစခန်း၊ တောင်ကြာအင်းရဲစခန်း၊ အာရှလမ်းမပေါ်ရှိ ရေကူးကန်နှင့် ဆီဆိုင်ဂိတ်စခန်းများကို PDF ပူးပေါင်းစစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်ထားသည်။
ထို့ကြောင့် မြို့နယ်အတွင်း မြေပြင်ရှိ စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကို ကြောက်ရန်မလိုတော့ပေ။ သို့သော် လေကြောင်း၊လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် မကြာခဏပစ်ခတ်မှုကိုမှု ဒေသခံပြည်သူများ ကြုံတွေ့နေရသည်။
ဧပြီ ၁ရက် နံနက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ စစ်မျက်နှာပြင် ရှေ့တန်းတစ်နေရာသို့ သွားရောက်လေ့လာခွင့်ရခဲ့ပါသည်။ ထိုနေ့က တောင်ပိုင်းတိုင်းအမှတ်(၃၁)
ဗျူဟာမှူးဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းစစ်ကြောင်းများ ဝန်းရံပိတ်ဆို့ထားသော ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲ လေးလမြောက်ပြည့်သည့်နေ့အဖြစ် ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားရောက် သတင်းယူခြင်း ဖြစ်ပါသည်။

ကော့ကရိတ်မြို့အစွန် ရပ်ကွက်တစ်ခုဖြစ်သော ဗလချောင်ရပ်ကွက်ရောက်သည်နှင့် မီးလောင်ထား သောနေအိမ်များ၊ ကြေမွပျက်စီးနေသော နေအိမ်အဆောက်အဦးများကို ဦးစွာမြင်တွေ့ရတော့သည်။ ရပ်ကွက်လမ်းဘေးဝဲယာရှိ နေအိမ်၊ဆိုင်ခန်းအများစုမှာ ပျက်စီးနေသည်။
“မြို့ရဲ့ ၅၀ရာခိုင်နှုန်းက ပျက်စီးသွားပြီ”ဟု ဒေါနစစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုကျော်ဇော်က ပြောသည်။
စစ်ကောင်စီက လေကြောင်း၊ မီးလောင်ဗုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိုကဲ့သို့ ပျက်စီးရသည်ဟု စစ်မြေပြင် ပထမရှေ့တန်းလိုင်းတွင် နေရာယူထားသော PDF ရဲဘော်များက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်က ပစ်ကွင်းရှင်းရန်အတွက် မြို့ရှိ နေအိမ်အဆောက်အဦးများအား လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း၊မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖျက်ဆီးထားခြင်းဟု ရှေ့တန်းစစ်မျက်နှာပြင်ရှိ PDF ရဲဘော်များက ပြောသည်။
“ဒီရက်ကဆို မီးလောင်ဗုံးတွေပါ ကြဲချတာ”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။
မြို့တွင်း၌ အရပ်သားပြည်သူများ မရှိတော့ပေ။၎င်းတို့မှာဘေးကင်းမည်ထင်သော ကျေးရွာများ၊မြို့များသို့ ထွက်ပြေးတိမ်းရှောင် နေကြသည်။ လက်ရှိတွင် မြို့တွင်းသို့ ဝင်ရောက်ပြီး ပစ္စည်းများ သယ်ယူခွင့်ပင် မပေးတော့ပေ။ အိမ်ဆိုင်အချို့တွင် ဖောက်ထွင်းခိုးယူမှုကြောင့် ကုန်ပစ္စည်းများ ပြန့်ကြဲနေသည်ကိုလည်း တွေ့ရသည်။ စာသင်ကျောင်းများမှာလည်း ပိတ်ထားပြီး ကျောင်းဝင်းအတွင်း ခြုံပုတ်၊ မြက်ပင်များပင် အတော်ကြီးနေပါသည်။
အမှတ်(၅)လှိုင်ကွက်သစ်ရပ်ကွက်၊ အမှတ်(၇) တံတားဦးရပ်ကွက်ရှိ နေအိမ်များမှာလည်း မီးလောင်ပျက်စီး ထားသည်။
စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်နှင့် အင်္ကျီအချို့မှာ လမ်းမပေါ်၌ တွေ့ရသည်။
ထို့နောက် ချောင်းတောင် အမှတ်(၁)ရပ်ကွက်သို့ ရောက်ရှိလာသည်။ အဆိုပါ ရပ်ကွက်တစ်နေရာသည် စစ်ကောင်စီတပ်စွဲရာ နေရာနှင့် PDFများ ထိပ်တိုက်ရင်ဆိုင်နေရာယူထားကြသည်။ စစ်မျက်နှာပြင်၏ ပထမစည်းဖြစ်သည်။
တစ်ဖက်နှင့် တစ်ဖက် ခဲဖြင့်ပေါက်လျှင်ပင်ရောက်သည့်အကွာအဝေးဖြစ်သည်။
အချို့ နေရာများတွင် PDF ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများမှာ တစ်အိမ်ကျော်သာခြားသည်။ စကားပြောလျှင် ကြားနေရသည်အထိ နေရာယူထားကြသည်။

“မနေ့ညက ဟိုကောင်တွေက ခဲနဲ့လာပေါက်လို့ မိုင်းခွဲလိုက်တယ်။ တစ်ခါလှမ်းပစ်။ တစ်ခါခွဲဆိုတော့ သူတို့ရပ်သွားတယ်”ဟု ကော့ကရိတ် ရှေ့တန်းစစ်မျက်နှာပြင်၌ မိုင်းဆရာကြီးဟု ခေါ်ဝေါ်သည့် အသန်း(ခ) သန်းတင်ဌေးက ပြောပါသည်။
အသန်းသည် စစ်တပ်မှ CDM ပြုလုပ်လာသူဖြစ်ပြီး စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်နေသူဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်းစစ်ဗျူဟာအောက်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
“သူတို့နဲ့က နံရံလောက်ပဲခြားတာ”ဟု မိုင်းဆရာအသန်းက ပြောသည်။
ကော့ကရိတ်မြို့ကို PDFပူးပေါင်း စစ်ကြောင်းများက မြို့၏ ၇၀ရာခိုင်နှုန်းအထိ သိမ်းပိုက်ထိန်းချုပ်ထား၍ စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာ၌သာ စုဝေးနေရသည်။
ကျန်အပိုင်းများကို PDFများက ထိန်းချုပ်ထားသည်ကိုလည်း မြင်တွေ့ရသည်။ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ကျားဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ Special Operation Group – SOG၊SPECIAL OPERATION FORCE – SOF၊နဂါးဖြူ၊ရန်ကုန်(၅၁၀၁)၊Spring Phoenix Force၊ Federal Wings ဒရုန်းတပ်ဖွဲ့အပြင် အခြားဒရုန်းတပ်ဖွဲ့များဖြင့် ပူးပေါင်း ဆင်နွှဲနေခြင်း ဖြစ်သည်။
မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၁ရက်က ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးလတာတိုက်ပွဲတိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်သား အနည်းဆုံး ၅၀ရှိသည်ဟုလည်း ရဲဘော်များက သုံးသပ်သည်။
စစ်ကောင်စီတပ် နေရာယူထားသော (၉၇)ကုန်းအတွင်း၌ ဗျူဟာမှူးကိုယ်တိုင်ကွပ်ကဲနေပြီး တင့်ကား သုံးစီးအပါအဝင် လက်နက်ကြီးများဖြင့် အထိုင်ချထားသည်ဟု PDF ရဲဘော်က ဆိုသည်။ ထိုဝင်းအတွင်း၌ စစ်ကောင်စီတပ်သား အင်အား ၃၀၀မှ ၅၀၀ကြား ရှိနိုင်သည်ဟု PDF ရဲဘော်က ခန့်မှန်းသည်။ စစ်ကောင်စီက ရဲစခန်း၊ထွေအုပ်ရုံးနှင့် မြို့မစျေးအနီးဝန်းကျင်ကို ထိန်းချုပ်ထားသည်။
ထို့ကြောင့် (၉၇)ကုန်းကို လုံလောက်သော အင်အားဖြင့် ဝန်းရံပိတ်ဆို့ထားသည်ဟူ၍သာ PDFစစ်ကြောင်းမှူးများက ပြောသည်။
မြို့တွင်း၌ နှစ်ဖက် ရင်ဆိုင်နေရာယူထားသော စစ်မျက်နှာပြင်ရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် PDF ရဲဘော်များက ဝင်ရောက်နေရာယူထားကြသည်။ စနိုက်ပါများဖြင့် နှစ်ဖက်အပြန်အလှန် ထောက်ထားကြ၍ နှစ်ဖက်လှုပ်ရှား သွားလာမှုမရှိကြ။
ရှေ့တန်းရောက်ခဲ့သည့် ဧပြီ ၁ရက်က ပစ်ခတ်မှုမရှိပေ။
ကော့ကရိတ်မြို့ကို PDFပူးပေါင်း စစ်ကြောင်းများက မြို့၏ ၇၀ရာခိုင်နှုန်းအထိ သိမ်းပိုက်ထိန်းချုပ်ထား၍ စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာ၌သာ စုဝေးနေရသည်။ ကျန်အပိုင်းများကို PDFများက ထိန်းချုပ်ထားသည်ကိုလည်း မြင်တွေ့ရသည်။
ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ကျားဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ Special Operation Group – SOG၊SPECIAL OPERATION FORCE – SOF၊နဂါးဖြူ၊ရန်ကုန်(၅၁၀၁)၊Spring Phoenix Force၊ Federal Wings ဒရုန်းတပ်ဖွဲ့အပြင် အခြားဒရုန်းတပ်ဖွဲ့များဖြင့် ပူးပေါင်း ဆင်နွှဲနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးလတာတိုက်ပွဲတိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်သား အနည်းဆုံး ၅၀ ရှိသည်ဟုလည်း ရဲဘော်များက သုံးသပ်သည်။
မြို့အား ၇၀ရာခိုင်နှုန်းအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်၍ သိမ်းပိုက်ရန် မခက်တော့ဟု တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူး ဗိုလ်ချုပ်စောကျော်သက်က ပြောပါသည်။ သို့သော် စစ်ကောင်စီအား ထွက်ပေါက်အနေဖြင့် အချိန်တစ်ခုပေးထားခြင်းဟု ဗိုလ်ချုပ်စောကျော်သက်ကဆိုပါသည်။
“မြို့ကို အခုသိမ်း အခုရတယ်” ။ ။
