ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဆော့လောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ( ၁၀၀၁ ) ၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဧပြီ ၁၂ ) တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယမန်နေ့ကလည်း ပြည်သူ့စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဆော့လော်မြို့သွားလမ်း မျှော်ဇန်ကူး နယ်ခြားစောင့်တပ် (၁၀၀၁) တပ်စိပ် စခန်းအား ဧပြီ ၁၂ရက် နေ့လည် ၁၂နာရီတွင် KIA တပ်ရင်း (၄၆) တပ်ဖွဲ့မှ သိမ်းပိုက်ရှင်းလင်းခဲ့ရာ လက်နက်ခဲယမ်းများရရှိခဲ့ပြီး နှင့် ဧပြီ ၁၁ ရက်နေ့ကလည်း ချီဖွေမှ ဆော့လော်မြို့သွားလမ်းပေါ်ရှိ မျှော်ဂျောင် ပန်ဝါ ပြည်သူ့စစ်စခန်းအား KIA တပ်မဟာ(၇)က သိမ်းပိုက်ခဲ့ရာ လူနှင့် လက်နက်များ ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

“အရင်က NDA(K) အတူတူပဲ။ ၂၀၀၉ မှာ အသက် ၅၀ အောက် ကို BGF ဖွဲ့လိုက်ပြီး ၂၀၁၂ မှာ အဲဒီ ဒေသကို KIA ဝင်လာတော့ အသက် ၅၀ အထက်တွေကို ပြည်သူ့စစ် ပြန်ဖွဲ့ခဲ့တာ။ ယနေ့အထိ စကစနဲ့ ပေါင်းနေတဲ့ ၂ဖွဲ့ပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်နှင့် BGF တပ်များ၏ နောက်ခံ အခြေအနေကို ပြောပြသည်။

Public Service Announcement
ဦးစခုန်တိန့်ယိမ်း ဦးဆောင်သည့် NDA-K (ကချင်ဒီမိုကရေစီသစ်တပ်မတော်)တပ်သည် ၁၉၉၃ တွင် စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးယူပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၂၀၁၂ခုနှစ် ၊ ဧပြီလတွင် နယ်ခြားစောင့်တပ် (၁၀၀၂) တပ်ရင်းဌာနချုပ် လုတ်ပီကို KIAက ဝင်သိမ်းပြီး ပန်ဝါ၊ ချီဖွေ၊ ဆော့လော် ဒေသသို့ KIA ဝင်ရောက်တပ်စွဲခဲံ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း KIA က ပြီးခဲ့သည့် နှစ်ပိုင်းကတည်း က အသိပေးကြေညာထားသည်။
“၂၀၁၁ ကတည်းက မိခင်တပ် KIA ဆီ လာပေါင်းဖို့ ပေါ်လစီ ဖွင့်ပေးတာ အားလုံးမလာလို့ အခုထိ ပစ်မှတ်ဖြစ်နေဆဲပေါ့” ဟုလည်း စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအပေါ် ထားရှိသည့် သဘောထား အားပြောပြသည်။
KIA အနေဖြင့် ဝိုင်းမော်မြိုနယ်အတွင်းရှိ ဦးရွှေမင်း ၏ ပြည်သူ့စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မခဲ့ပြီး မတ်လ ၇ရက် စစ်ဆင်ရေးတွင် ဦးရွှေမင်းကိုပါ သုတ်သင်ရှင်းလင်းခဲ့သည်။ ကချင်နယ်ခြားစောင့်တပ်စခန်းသိမ်းပိုက်မှု ဖြစ်စဉ်မှာ ယခု စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။
