ဒီးဒီ/People’s Spring
မတ်လ၏ အပူဒဏ်ကို နေရာအတော်များများ ခံစားရသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်းသရောမြစ် အနီးတွင်တော့ အအေးဓာတ်ရနေပါသည်။ ညပိုင်းနှင့် နံနက်ခင်းတို့တွင် ဖြစ်၏။ ထိုအချိန်ပိုင်းတွင် အနွေးထည် ခပ်ပါးပါးဝတ်ထားရသည်အထိ အအေးဓာတ်ရှိပါသည်။ နံနက်ခင်း အာရုဏ်တက်ချိန် ရောက်သည်နှင့် အဆိုပါ ဟောင်းသရောမြစ်ကမ်းဘေး တနေရာ၌ ညီညာအော်ဟစ်သော အသံများထွက်ပေါ်လာ၏။

Public Service Announcement
“ဘယ်ညာ၊ ဘယ်ညာ၊ ဘယ်ညာ” ယောင်းသရောမြစ်ကမ်းဘေး ကွင်းပြင်တနေရာတွင် အင်္ကျီအနက်ရောင်ဆင်တူဝတ်ဆင်ထားသော လူငယ်အချို့ ၏ အသံပင်။ အသက်(၁၈)နှစ်မှ (၃၀)အရွယ်ကြား လူငယ်များ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုပေါ် တွန်းလှန်ရန် လက်နက်ကိုင်တိုက်ပွဲဝင်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ ရဲဘော်များ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေး( Physical Traning – PT)ပြုလုပ်နေခြင်း ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)လက်အောက်ရှိ ဒရုန်းတပ်ဖွဲ့ဖြစ်သော Spring Phoenix Force ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များဖြစ်ပါသည်။
ထိုထဲတွင် ရဲဘော်မိုက်ကီတို့ သူငယ်ချင်းသုံးဦးလည်း ပါ၏။တော်လှန်ရေးအမည် ရဲဘော်မိုက်ကီ(အသက် ၂၁နှစ်)၊ ရဲဘော် ရှမ်းကြီး(အသက် ၂၄နှစ်)နှင့် ရဲဘော် Kazu(အသက် ၂၁နှစ်)တို့ ဖြစ်ပါသည်။

ရဲဘော်မိုက်ကီတို့ သူငယ်ချင်းသုံးဦးမှာ ရန်ကုန်မြို့ တာမွေမြို့နယ် တွင် နေထိုင်ကြသူများဖြစ်၏။ ရဲဘော်မိုက်ကီကမင်္ဂလာစျေးရှိ စျေးဆိုင်တစ်ဆိုင်၌ အလုပ်လုပ်၏။ ရဲဘော်ရှမ်းကြီးက ဆန်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်၏။ ရဲဘော် Kazuကလည်း ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။

Public Service Announcement
၎င်းတို့သူငယ်ချင်း သုံးဦးသည် စစ်တပ်က အာဏာသိမ်းပြီးအစောပိုင်းကာလ ပြည်သူများ၏ဆန္ဒပြပွဲများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သူများ ဖြစ်သည်။ ဆန္ဒပြစဥ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ သွားရောက်ဆန္ဒပြမှုကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက အညိုးထားစောင့်ကြည့်ခံနေရသူများ ဖြစ်သည်။ ရပ်ကွက် လက်ဖက်ရည်ဆိုင်တွင်လည်း နိုင်ငံအရေးအကြောင်း၊ PDF ရဲဘော်များ၏အကြောင်းကိုလည်း ဆွေးနွေးပြောဆိုလေ့ရှိပါသည်။ ရွယ်တူလူငယ်အများအပြား တောတွင်းသွားရောက် စစ်ပညာသင်ကြားပြီး အာဏာသိမ်းစစ်တပ်အား ခုံခံတိုက်ခိုက်နေမှုအကြောင်း အားကျသည့်စိတ်ဖြင့် ပြောဆိုခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ လက်ဖက်ရည်ဆိုင်၌ နိုင်ငံရေးအကြောင်းများပြောဆိုနေမှုအပေါ် ရပ်ကွက်အုပ်ကြီးက အမြင်မကြည်တော့ပေ။
ရဲဘော်မိုက်ကီတို့ သူငယ်ချင်းသုံးအား ဖိနှိပ်မည့် လုပ်ပိုင်ခွင့်တစ်ခု အုပ်ကြီးထံ ရောက်ရှိလာပါသည်။ ထိုအရာမှာ လွန်ခဲ့သော ၁၄ နှစ်က စစ်အစိုးရပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းခေါင်းဆောင် အမိန့်ဖြင့်ဖေဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅ နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟု ဆိုသည်။ စစ်ကောင်စီက ဧပြီလ သင်္ကြန်အပြီးတွင် ပထမအသုတ်အဖြစ် လူဦးရေ ၅,၀၀၀ စတင်းခေါ်ယူမည်ဟု ကြေညာထားသည်။ သို့သော် အချို့ဒေသများတွင် မတ်လကတည်းက မဲနှိုက်၍ ခေါ်ဆောင်ခြင်း၊ ခရီးသွားသူအချို့အား အတင်းအဓမ္မခေါ်ဆောင်ခြင်း စသည်တို့ရှိခဲ့ပါသည်။

ဒေသအချို့တွင်မူ ယခုနှစ်စပိုင်းကတည်းက ဧည်စာရင်းစစ်ရင်း ၊ခရီးသွားများကို မသင်ကာဟုဆိုကာဖမ်းဆီးရင်း ၊ကျေးရွာများကိုခြိမ်းခြောက်၍ခွဲတမ်းဖြင့် လူတောင်းရင်း ပြည်သူစစ်အဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများရှိခဲ့သည်။
ထိုဥပဒေထုတ်ပြန်ပြီး ရက်ပိုင်းမှာပင် ရဲဘော်မိုက်ကီနှင့် အုပ်ကြီးတို့ ထိပ်တိုက်တွေ့ရန်အကြောင်းဖန်လာသည်။ နေအိမ်ဧည့်သည်ရောက်လာ၍ ဧည့်စာရင်းတိုင်ရန် ရဲဘော်မိုက်ကီက အုပ်ကြီးထံ သွားရောက်ခဲ့သည်။
“သတိထားနေ မင်းတို့ကို စစ်မှုထမ်းထဲထည့်ပြစ်မယ်လို့ အုပ်ကြီးက ခြိမ်းခြောက်တာ”ဟု ရဲဘော်မိုက်ကီက ပြန်ပြောပြသည်။ ထိုကဲ့သို့ ပြောဆိုပြီးရက်ပိုင်းအတွင်းမှာပင် ရဲဘော်မိုက်ကီတို့ သုံးဦးမှာ ခရီးထွက်ရန် ပြင်ဆင်ပါတော့သည်။ “ဘာပြောမလဲ လစ်ပြီပေါ့”ဟု ရဲဘော်မိုက်ကီက သူတို့အတွေ့အကြုံကို ရယ်မော၍ပြောပြသည်။
သူငယ်ချင်း သုံးဦးတိုင်ပင်ရာ ရဲဘော်ရှမ်းကြီးက လမ်းကြောင်းရှာသည်။ ရဲဘော် Kazuက ခရီးထွက်ရန် ငွေရှာပါတော့သည်။ ပြဿနာက ၎င်းတို့သုံးဦးစလုံး ခရီးသွားရန် မှတ်ပုံတင်မရှိခြင်းပင်။ ထို့ကြောင့် မှောင်ခိုလမ်းကြောင်းဖြင့် မှတ်ပုံတင်အတု အမြန်ပြုလုပ်တော့သည်။ ထိုနောက်
ရဲဘော် Kazu၏ သိကျွမ်းခင်မင်သော အမျိုးသမီး မိတ်ဆွေအကူအညီဖြင့် သူမရှိသော မြို့သို့ ထွက်ခွာခဲ့ကြသည်။
သူမအမည်က မရှိန်ရှိန်ဖြစ်သည်။ သူမ၏ နေအိမ်သို့ ရဲဘော်မိုက်ကီတို့ သူငယ်ချင်းသုံးဦး ရောက်ပြီး နောက်ရက်မှာပင် နေအိမ်သို့ စစ်ကောင်စီသတင်းပေး(ဒလန်)ရောက်လာ၍ ရဲဘော်မိုက်ကီတို့သုံးဦး အခြေအနေရိပ်မိသွားရာမှ မရှိန်ရှိန်ကိုပါ ဖမ်းဆီးခံရမည်စိုး၍ သူမကိုပါ တပါတည်းခေါ်ဆောင်ပြီး ကော့ကရိတ်မြို့နယ် တနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ရဲဘော်မိုက်ကီတို့သည် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲပါဝင်ဆင်နွှဲနေသော Spring Phoenix Force ဒရုန်းတပ်ဖွဲ့ထံ လာရောက်၍ PDF များအဖြစ် စစ်ပညာသင်ယူနေကြခြင်းဖြစ်သည်။ မင်းအောင်လှိုင်၏ စစ်မှူမထမ်းမနေရ လက်မှ လွတ်အောင်ရုန်းကန်ပြီး တော်လှန်ရေးတပ်ဖွဲ့ထံခိုလှုံခဲ့သော ကာလမှာပင် ခံယူချက်တူသော ရဲဘော် မိုက်ကီ နှင့် မရှိန်ရှိန်တို့ချစ်ကျွမ်းဝင်သွားသည်။
“ဒီစခန်းရောက်မှ ချစ်သွားကြတာ”ဟု ရဲဘော်မိုက်ကီကဖွင့်ဟသည်။
သို့ဖြင့် သူတို့ လေးဦးမှာ မတရားသော ဥပဒေထုတ်ကြောင့် ရန်ကုန်မြို့မှ ယောင်းသရောမြစ်ကမ်းဘေး တနေရာတွင် စစ်ပညာသင်ယူနေကြသော တော်လှန်ရေးရဲဘော်သစ်များဖြစ်လာကြသည်။
“စခန်းရောက်ပြီး မကြာဘူး စခန်းက လူကြီးတွေက မင်္ဂလာဆောင်ပေးလိုက်တယ်”ဟု မရှိန်ရှိန်၏ သူငယ်ချင်းဖြစ်သူ ရဲဘော် Kazuက ပြောသည်။ လက်ရှိတွင် ရဲဘော်မိုက်ကီတို့ သူငယ်ချင်းသုံးဦးက စစ်အာဏာရှင်အား တော်လှန်ရန် စစ်ပညာသင်ကြားနေပါသည်။ မရှိန်ရှိန်က စခန်း၏ စားဖိုမှူးအဖြစ် တာဝန်ယူနေသည်။ မတရားမှုကို ငုံမခံဘဲရင်ဆိုင်တွန်လှန် လိုသည့်ခံယူချက်တူညီသောကြောင့် ဇနီးမောင်နှံနှစ်ဦးမှာ စခန်း၌ ပျော်ရွှင်နေသည်လည်းမြင်တွေ့ရ၏။
“မိန်းမကလည်း ကျနော်စစ်တိုက်မှာကို မတားဘူး”ဟု ရဲဘော်မိုက်ကီက ပြောသည်။
ထိုဥပဒေ ထွက်ပြီးနောက် Spring Phoenix Force ဒရုန်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းသူ ရဲဘော်မိုက်ကီတို့ အပါအဝင် ခုနစ်ဦးရှိပါသည်။
ထို့အပြင် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအတွင်း Spring Phoenix Force ဒရုန်းတပ်ဖွဲ့ နည်းတူ ပါဝင်ဆင်းနွှဲနေသော PDF စစ်ကြောင်း အများအပြားရှိပါသည်။ ဒေါစစ်ကြောင်း၊ SOG၊ SOF၊ ကျားဖြူစစ်ကြောင်း စသဖြင့်ရှိပါသည်။
ကျားဖြူစစ်ကြောင်းသည် အင်အားကြီးမားသော PDF စစ်ကြောင်းတစ်ခုဖြစ်ပြီး ယင်းစစ်ကြောင်းတွင်လည်း စစ်မှုထမ်းဥပဒေထုတ်ပြန်မှုကြောင့် ရောက်ရှိလာသော တပ်သားအသစ် ၂၀ဦးခန့်အထိရှိနေကြောင်း ယင်းစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောပါသည်။
ထိုထဲတွင် ရဲဘော် ရှိုင်းရွာလည်း ပါဝင်၏။ အသက်(၁၈)နှစ်အရွယ် ရဲဘော်ရှိုင်းရွာသည် ရန်ကုန်ဇာတိဖြစ်ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)၌ မီးပြင်သည့် ဝန်ထမ်းလုပ်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားခဲ့သူဖြစ်သည်။ ရဲဘော်ရှိုင်းရွာ၏ ဦးလေးဖြစ်သူ နှစ်ဦးမှာလည်း EPC ဝန်ထမ်းများဖြစ်ပြီး ဆန္ဒပြစဥ်က ဒလန်၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံခဲ့ကြရသည်။
အစ်ကိုဝမ်းကွဲဖြစ်သူမှာလည်း PDFတစ်ဦးဖြစ်၍ ၎င်း၏ တိုက်ပွဲဝင်ဓာတ်ပုံများကြည့်၍ အားကျနေခဲ့သည်ဟု ရဲဘော်ရှိုင်းရွာက ပြောသည်။ ထိုစဥ်ကတည်းက PDF ရဲဘော်တစ်ဦးဖြစ်လာရန် ဆန္ဒရှိနေခဲ့သူဖြစ်၏ ။
စစ်မှုထမ်းဥပဒေထွက်ရှိပြီးနောက် သူ၏ အမည်စာရင်းပါလာမည်ကိုသူအ စိုးရိမ်ဆုံးဖြစ်သည်။CDMပြုလုပ်ထားသူဖြစ်၍ ပို၍စိုးရိမ်ခဲ့ရသည်ဟု ဆိုပါသည်။ မတ်လဆန်းမှာပင်သူ၏ ချစ်သူကောင်မလေးအား ခိုးပြေးပြီးနောက် ပေါင်းသင်းနေထိုင်ခဲ့သည်။ မိန်းမခိုးပြေးပြီးချိန်တွင်မှ စစ်ကောင်စီက စစ်သားသစ်များ ခေါ်ယူစုဆောင်းမှုကိုရပ်ကွက်အလိုက် ခွဲတမ်းဖြင့် ဖိအားပေးခေါ်ယူလာပါတော့သည်။ သူ့ကိုသာ စစ်သားသစ်အဖြစ်ခေါ်သွားလျင် ဒုက္ခအကြီးအကျယ်ရောက်ရမည်ဟုတွေးမိလာသည်။ထိုကြောင့် ရဲဘော်ရှိုင်းရွာမှာ ဇနီးဖြစ်သူနှင့် စစ်မှုထမ်းဥပဒေအကြောင်း တိုင်ပင်ကြ၏။
“ စာရင်းပါလာရင် ဒီကောင်တွေထဲတော့ အသေမခံနိုင်ဘူး။ တောထဲသွားချင်တယ်ပြောတော့ သူပါလိုက်မယ်ပြောတာ”ဟု ရဲဘော်ရှိုင်းရွာကပြတ်သားစွာ ပြောသည်။ သို့သော်သူ ဇနီးဖြစ်သူအား ကြမ်းတမ်းသည့် စစ်မျက်နှာပြင်သို့ မခေါ်ရက်ဟုဆိုပါသည်။
သို့သော် ကြင်စ ဇနီးဖြစ်သူ၏ ကတိစကားကြောင့် သူလျှောက်လိုသောလမ်းကို ရဲရဲဝံ့ဝံ့လျှောက်ခဲ့သည်။
ချစ်ဇနီးထံမှ ရသောကတိမှာ “သွားပါ။ သစ္စာရှိရှိစောင့်နေပါမယ်ပြောတယ်” ဟုသူပြောသည်။
ထိုနောက် ဇနီးဖြစ်သူထံမှ ခွင့်ပြုချက်ရ၍ ကျားဖြူစစ်ကြောင်းနှင့်ဆက်သွယ်ရာ မတ်လ ၂၀ရက်ကစစ်ကြောင်းရှိရာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သူဖြစ်လိုသော PDF ဖြစ်လာသော်လည်း ဇနီးဖြစ်သူအား သတိရနေ၍ ခိုးပြေးသည့်ညက ဝတ်ဆင်သောအင်္ကျီကို စစ်ကြောင်းသို့ရောက်ပြီး တစ်ပတ်ကြာသည့်တိုင် မချွတ်ဘဲ ဝတ်ထားသည်ဟု ရဲဘော်ရှိုင်းရွာက ဝတ်ထားသောအင်္ကျီအား လက်ဖြင့်ကိုင်ပြ၍ ပြောပါသည်။
“သူ မီးပူတိုက်ပြီးထည့်ပေးလိုက်တဲ့ အင်္ကျီလည်း မဝတ်ဘဲ ဒီအတိုင်းသိမ်းထားတယ်”ဟု ဝမ်းနည်းစွာ ဖွင့်ဟပါသည်။ သို့သော် လက်ရှိတွင်တော့ နေသားကျနေပါပြီဟုလည်း ဆိုပါသည်။ တပ်စခန်း၌လည်း ရွယ်တူလူငယ်များဖြင့် စကားပြော၊ လေ့ကျင့်ခန်းများပြုလုပ်နေရ၍ ပျော်နေပါဟည်ဟု ရဲဘော်ရှိုင်းရွာက ပြောသည်။
ကျားဖြူစခန်း၌ မီးရထား CDM တစ်ဦးဖြစ်သူ ရဲဘော် ရထား၊ ရဲဘော် ကျွဲလေး၊ ရဲဘော်ငြိမ်းအောင်တို့ အပါအဝင် စစ်မှုထမ်းဥပဒေကြောင့် ရောက်ရှိလာသူ ၂၀ ခန့်အထိရှိနေပါသည်။ထို့အပြင် SOG စစ်ကြောင်းတွင်လည်း စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ်ရောက်ရှိလာသူ ၆၀ခန့်အထိရှိနေသည်ဟု အဆိုပါစစ်ကြောင်းမှ ဗိုလ်ချုပ်ကပြောပါသည်။
နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် သေဆုံးဒဏ်ရာရသူ ၊ ထွက်ပြေးသူ ၊လက်နက်ချသူ ၊တော်လှန်ရေးအဖွဲ့များထံအလင်းဝင်သူစသဖြင့် စစ်ကောင်စီတပ်အင်အား နည်းလာသော်လည်း စစ်တပ်ထဲဝင်လိုသူ နည်းလာသောကြောင့် စစ်ကောင်စီက ၎င်းတို့အသက်ဆက်နိုင်ရေး စစ်မှုမထမ်းမနေရ ဥပဒေဖြင့် လူငယ်များကို ဖိအားပေး၍ စစ်တပ်အတွင်းဝင်ရန်ကြံစည်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး ၊စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
ထို့ကြောင့် လူငယ်အချို့မှာ ထိုင်းနိုင်ငံသို့ သွားရောက်ကြသည်။ အချို့မှာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် ပြင်ဆင်ကြိုးပမ်းနေသည်။ အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ကြသည်။
အာဏာသိမ်း မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရစနစ် အသက်သွင်းမည်ဟု ကြေညာလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားမှုရုတ်တရက် မြင့်တက်လာသည်။ ထောင်ချီရှိသည့် လူတန်းရှည်ကြီးကြောင့် တစ်ရက်ဗီဇာထုတ်ပေးမှု လူဦးရေကန့်သတ်ရသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ငွေကြေးမတက်နိုင်၍ တရားမဝင်နည်းလမ်းဖြင့် ပြည်ပသွားရောက်ရန်ပြင်ဆင်နေသူများလည်း ရှိနေပါသည်။
သေချာသည်က ပြည်တွင်း၌ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီး၊ ပေါ်တာဆွဲ၊ စစ်မှုထမ်းစေခိုင်းမှုများပြုလုပ်နေ၍ လူငယ်များမှာ စစ်ကောင်စီ စိုးမိုးသောဒေသများတွင်လုံခြုံမှုမရှိတော့ပေ ။ မလုံခြုံသည့်ကြား စစ်တပ်အတွင်းဝင်ရန်ဖိအားပေးလာသောအခါ လူငယ်များအတွက်ရွေးချယ်စရာနည်းလာနေသည်။ အချို့က တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ စစ်ကောင်စီကိုဖြုတ်ချရန်တော်လှန်သောလမ်းကိုရွေးသည်။အချို့က လွတ်မြောက်နယ်မြေများသို့ရှောင်တိမ်းသည်။အချို့က ပြည်ပသို့ပညာသင်ရန် ၊အလုပ်လုပ်ရန် စသဖြင့်ထွက်ခွာကြသည်။အချို့က ဘာလုပ်ရမည်မသိ၍ အခြေအနေကို စောင့်ကြည့်ကာ ပေါ်တာလာဆွဲသောအခါတွင်မှ ထွက်ပြေးမည် ၊ မီးစင်ကြည့်ကမည်ဆိုသော လူငယ်များလည်းရှိနေပါသည်။
တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်လာပါက ရဲဘော်၊ရဲဘက်များက နွေထွေးမှုဖြင့်ကြိုဆိုကြသည်ဟု စစ်မှုထမ်းဥပဒေကြောင့် ရောက်ရှိလာသော ရဲဘော်အသစ်များက ပြောပါသည်။ လက်ရှိ မြို့ပြ၌ ရရှိသော ပျော်ရွှင်မှုမှာလည်း အစစ်အမှန်မဟုတ်ဟု ရဲဘော်မိုက်ကီက ပြောသည်။ မြို့ပြတွင်လည်း လုံခြုံမှုမရှိတော့ဟုလည်း ဆိုပါသည်။ ယခုတစ်ကြိမ်တွင် မိမိအမည်မပါသော်လည်း နောင်တစ်ကြိမ် စာရင်းတွင် မိမိအမည်ပါလာမည်ကို ကြိုတင်တွက်ဆထားသင့်သည်ဟုလည်း ရဲဘော်မိုက်ကီက လူငယ်များကို အကြံပြုသည်။
“ဘယ်လောက်ကောင်းတဲ့ အိမ်ကြီးနဲ့ နေနေ၊ ဘယ်လောက်ကောင်းတဲ့ အုတ်တံတိုင်းကြီးခတ်ထားပါစေ ဒီကောင်တွေရန်ကြောင့် မလုံခြုံဘူး” ။ ။
